Home
မြန်မာသတင်း
ကေအန်ယူနယ်မြေတွင် စစ်ဘေးရှောင် ၂ ဦး သတ်ဖြတ်ခံရ၊ ထွက်ပြေးတိမ်းရှောင်နေရသူ ၄,၃၀၀ ခန့်ရှိနေ
DVB
·
March 1, 2023

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ-၃၊ မူးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ညောင်ပင်သာ ကျေးရွာက စစ်ဘေးရှောင်ပြည်သူ ၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်တုန်းက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရချိန် ဒေသခံပြည်သူတွေက မနက်စာ စားစရာတွေ ပြန်ယူချိန်မှာ အဆိုပါ သေဆုံးနေသူ ၂ ယောက်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်က စစ်ကောင်စီတပ်တွေဟာ ကေအန်ယူ-မူးမြို့နယ် စီမံအုပ်ချုပ်မှု နယ်မြေထဲက ညောင်ပင်သာကျေးရွာထဲကို ဝင်ရောက်လာခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးကျည်စတွေ ပခုံးမှာ ထိမှန်ပြီးနောက် တောင်ငူဆေးရုံဆီ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေလည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာအတွင်း မနေရဲတော့ဘဲ အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီးနောက် စစ်ကောင်စီတပ်တွေက တအိမ်ဝင်တအိမ်ထွက် ဝင်ရောက်မွှေနှောက်ကာ တွေ့ရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူတာတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ညောင်ပင်သာကျေးရွာမှာတော့ အိမ်ခြေပေါင်း ၁၆၁ လုံးရှိပြီး လူဦးရေ စုစုပေါင်း ၄,၂၉၄ ယောက်ကတော့ လက်ရှိအချိန်မှာ နီးစပ်ရာ အသက်ဘေးလွတ်ရာဆီ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေက စိုးရိမ်စရာဖြစ်နေပြီး ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခိုလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်နေပြီး တဆက်တည်းမှာပဲ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ် အနှံ့အပြားက စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတွေ ပိုမိုတင်းကျပ်ထားတာကြောင့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ နေထိုင်နေကြရတဲ့ စစ်ရှောင်ပြည်သူတွေဆီကို ရောက်ရှိအကူအညီပေးနိုင်ဖို့ အခက်အခဲတွေ ရင်ဆိုင်နေရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ အပါအဝင် ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ၊ အိုးအိမ်စွန့်စွာ တိမ်းရှောင်ရတာတွေနဲ့ အရပ်သားပိုင်အိုးအိမ် ပျက်စီးဆုံးရှုံးတာတွေ ဆက်လက်ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၀ ရက်အထိ ကုလသမဂ္ဂ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူ ၃၆၁,၀၀၀ အထိ များလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံတဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ သန်းခွဲကျော် ရှိလာပြီ ဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေလို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024