DVB Logo
Home
မြန်မာသတင်း
အိန္ဒိယနိုင်ငံပိုင် Yantra ကုမ္ပဏီက မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ ရောင်းချနေ
DVB
·
March 1, 2023
အိန္ဒိယနိုင်ငံပိုင် Yantra ကုမ္ပဏီက  မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းများ ရောင်းချနေ
Donate to DVB

အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်ရေး Yantra ကုမ္ပဏီက နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး အကြမ်းဖက် မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတွေကို ၂၀၂၂ ခုနှစ် အောက်တိုဘာလက တင်ပို့ခဲ့တာ တွေ့ရတယ်လို့ Justice For Myanmar က စုံစမ်းဖော်ထုတ်ထားပါတယ်။

အဆိုပါကုမ္ပဏီက တင်ပို့ခဲ့တဲ့ စစ်လက်နက်ပစ္စည်းဟာ မြန်မာစစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ)မှ ထုတ်လုပ်တဲ့ ဟောင်ဝဇ္ဇာအမြောက်စစ်လက်နက်အတွက် အသုံးပြုဖို့ဖြစ်ပြီး မြန်မာစစ်တပ်ပိုင် ကပစ စက်ရုံကို အမေရိကန်၊ ယူကေ၊ ဥရောပသမဂ္ဂနဲ့ ကနေဒါ နိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားတာ ဖြစ်ပေမဲ့ အိန္ဒိယကတော့ မျက်ကွယ်ပြုလို့ ထားပါတယ်။

ဒီစစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်ရဲ့ လက်နက်ပွဲစား ကျော်ကျော်ထွန်း ပိုင်တဲ့ ကုမ္ပဏီမှတဆင့် တင်သွင်းခဲ့တာပါ။ အရင်ကလည်း အိန္ဒိယ အခြေစိုက် Sandeep Metalcraft ကုမ္ပဏီက မြန်မာစစ်တပ်အတွက် ဖောက်ခွဲရေး ဆိုင်ရာ စစ်လက်နက်ပစ္စည်းမှာ သုံးတဲ့ ဗုံးဆန် တွေကို တင်ပို့ခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ကျော်ကျော်ထွန်းနဲ့အတူ ပတ်သက်ဆက်နွှယ်တဲ့ ကွန်ရက် တခုလုံးကို အခုအချိန်ထိ ဒဏ်ခတ်ပိတ်ဆို့မှု မရှိသေးတဲ့အပေါ် Justice For Myanmar က ထောက်ပြထားပါတယ်။

စစ်လက်နက်ပစ္စည်းတင်ပို့ခဲ့တဲ့ Yantra ကုမ္ပဏီဟာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာနရဲ့ လက်အောက်မှာရှိတဲ့ တရားဝင်အများပိုင် ကုမ္ပဏီလီမိတက် တခုဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်လက်နက် အပါအဝင် လိုအပ်တဲ့ ခဲယမ်းတွေကို တင်ပို့ခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းလည်းဖြစ် ဒီမိုကရေစီနိုင်ငံလည်းဖြစ်တဲ့ အိန္ဒိယနိုင်ငံအစိုးရ အနေနနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ နဲ့ တရားမဝင် စစ်အစိုးရရဲ့ အကြမ်းဖက် စစ်ရာဇဝတ်မှုတွေကို အားမပေးဖို့ Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က  တောင်းဆိုထားပါတယ်။ 

မြန်မာစစ်တပ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို သတ်ဖြတ်တာ၊ ရွာထဲက နေအိမ်တွေအပေါ် လေကြောင်း ကတဆင့် အကြမ်းဖက် ပစ်ခတ်တာတွေကြောင့် အပြစ်မဲ့ ပြည်သူ ၃၀၀၀ ကျော်တို့ အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၁ ဒသမ ၂ သန်းကျော်တို့က နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

အကြမ်းဖက် မြန်မာစစ်တပ်ကို ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်စေဖို့ နဲ့ ရိုင်းစိုင်းယုတ်မာမှုတွေ ဆက်လက် ကျူးလွန်နိုင်ဖို့အတွက် ဟောင်ဝဇ္ဇာအမြောက်စစ်လက်တွေဟာလည်း တခု အပါအဝင် ဖြစ်ပြီး ဒီစစ်လက်နက်တွေကို ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်မှ ကျူးလွန်ခဲ့တဲ့ မှတ်တမ်းတွေအရ ၁၂၂ မီလီမီတာ အရွယ်အစားရှိ ဟောင်ဝဇ္ဇာ အမြောက်ကို သုံးပြီး အရပ်သားတွေ နေထိုင်ရာ နယ်မြေ တွေကို ပစ်ခတ်ခဲ့တာ တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က ကချင်ပြည်နယ်မှာရှိတဲ့ ဖားကန့် နဲ့ Namsai Hkahku လို ဆင်ခြေဖုံးနေရာတွေကို ပစ်ခတ်တိုက်ခိုက်ရာမှာ ဒီလက်နက်ကို အသုံးပြုခဲ့တာပါ။ ဒါ့အပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အဆိုပါလက်နက်နဲ့ ပစ်ခတ်ခဲ့တာရှိပါတယ်။

ဒါကြောင့် အိန္ဒိယနိုင်ငံပိုင် Yantra စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက် မြန်မာစစ်တပ်အား စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရောင်းချပေးနေတဲ့ အဆိုတဲ့ အချက်က သိသာထင်ရှား စေပါတယ်။ ဒါဟာ တဖက်မှာလည်း နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ နဲ့ လိုက်နာ ရမယ့် စံသတ်မှတ်ချက်တွေကို လိုက်နာပါမယ်လို့ သဘောတူထားတဲ့ Wassenaar သဘောတူညီချက်ကို အိန္ဒိယနိုင်ငံ က မျက်ကွယ်ပြုထားရာ ရောက်နေပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ အကြမ်းဖက် မြန်မာစစ်တပ်အား စစ်လက်နက်တပ်ဆင်ရောင်းချပေးနေတာ၊ တိုက်ခိုက်ရေးအတွက် သင်တန်းတွေ ပံ့ပိုးပေး နေတာကို ချက်ချင်းရပ်ဖို့  Justice For Myanmar က တောင်းဆိုထားပါတယ်။

ဒါ့အပြင် သြစတြေးလျ၊ ဂျပန်၊ အမေရိကန်နဲ့ အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ဝင်နိုင်ငံတွေကလည်း အိန္ဒိယနိုင်ငံကတဆင့် မြန်မာစစ်တပ်ဆီ စစ်လက်နက် စီးဆင်းနေတာကို ရပ်တန့်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေရဲ့ သြဇာအရှိန်အဝါသုံးကြဖို့လည်း ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013