DVB Logo
Home
မြန်မာသတင်း
လားရှိုးတွင် စစ်ကောင်စီတပ်က စီမံချက်ဖြင့် CDM ဝန်ထမ်းများကို လိုက်ဖမ်းဆီး တရားစွဲနေ
DVB
·
March 1, 2023
လားရှိုးတွင် စစ်ကောင်စီတပ်က စီမံချက်ဖြင့် CDM ဝန်ထမ်းများကို လိုက်ဖမ်းဆီး တရားစွဲနေ
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်နေတဲ့ ဝန်ထမ်းတွေကို  အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးရဲ့စီမံချက်နဲ့ နာမည်စာရင်းနဲ့တကွ လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က ရပ်ကွက်-၉ မှာနေတဲ့ ကျန်းမာရေးဌာနက CDM သူနာပြုတဦးကို နေအိမ်မှာ လာဖမ်းသွားတယ်။ ပြီးတော့ ရပ်ကွက်-၄ မှာနေတဲ့ CDM သူနာပြုဆရာမတဦးကို ဖမ်းတယ်။ နောက်ပြီး ပညာရေးဌာနက CDM ကျောင်းဆရာတဦးကို ဖမ်းသွားတယ်။ အားလုံး ၇ ယောက် ဖမ်းတယ်လို့ သတင်းတွေထွက်နေပေမဲ့ ဒီ ၃ ယောက်ကတော့ သေချာတယ်” လို့ လားရှိုးမြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ လားရှိုးမြို့က CDM ဝန်ထမ်းတွေထဲက ၂ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကောင်စီရဲ့ လက်အောက်ခံ လားရှိုးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ရာဇသတ်ကြီး ပုဒ္မ ၅၀၅(က) နဲ့ တရားစွဲဆိုခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“မနေ့က CDM ကျောင်းဆရာတဦးနဲ့ သူနာပြုတဦးကို ရုံးထုတ်ပြီး ၅၀၅(က) နဲ့ တရားစွဲတယ်။ မိသားစုတွေနဲ့တော့ တွေ့ခွင့်ရကြတယ်။ တခြား CDM တွေကတော့ ဒီသတင်း ကြားကတည်းက ရှောင်နေကြတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဇန်နဝါရီလဆန်းပိုင်းက စတင်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက မြို့နယ်တွေကို အာဏာသိမ်းစစ်ကောင်စီက CDM ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ကာ စီမံချက်နဲ့ ဆောင်ရွက်မယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်း ကျောက်မဲမြို့က CDM ဆရာဝန် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ကျောက်မဲဒေသခံတဦးက “ဇန်နဝါရီလအတွင်းက ကျောက်မဲမြို့က CDM သမားတော် ဒေါက်တာဒေါ်ခင်မမဦးနဲ့ သွားဆရာဝန် ဒေါက်တာမင်းသိန်းတို့ အဖမ်းခံရတယ်။ ပြီးတော့ ရှမ်းမြောက်အတွင်းမှာရှိတဲ့ တခြားမြို့တွေက CDM တချို့ အဖမ်းခံရတယ်ကြားတယ်။ ပညာရေးနဲ့ ကျန်းမာရေး CDM တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့သဘောလို့ မြင်တယ်” လို့ ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ လားရှိုးမြို့အပြင် တခြားမြို့နယ်တွေက CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရတာလည်း ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ CDM ဦးရေကို အတိအကျ မသိရှိရသေးပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အာဏာသိမ်းမှုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြတဲ့ ကျောင်းသား၊ လူငယ်၊ အရပ်သားပြည်သူနဲ့ CDM ဝန်ထမ်း ၁၅၀ ဝန်းကျင်ဟာ လားရှိုးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတယ်လို့ လက်လှမ်းမီသလောက် စာရင်းပြုစုနေတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁၉,၉၃၆ ယောက် ရှိနေပြီး အဲ့ဒီထဲက ၁၆,၀၇၅ ယောက်ကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်ပါတယ်။

စစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၃,၀၇၀ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းတွေဟာ လက်လှမ်းမီသလောက် ကောက်ယူထားတာဖြစ်ပြီး ဒီထက်လည်း ပိုများနိုင်တယ်လို့ AAPP က ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013