DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း ချောက်နှင့် မြိုင်မြို့တို့တွင် စစ်ကြောရေးစခန်းနှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 1, 2023
မကွေးတိုင်း ချောက်နှင့် မြိုင်မြို့တို့တွင် စစ်ကြောရေးစခန်းနှင့် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ချောက်မြို့မှာ ဖေဖော်ဝါရီ ၂၈ ရက် ညက စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းတခု တိုက်ခိုက်ခံရပြီး နှစ်ယောက်သေဆုံးခဲ့တယ်လို့ ချောက်မြို့နယ်ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။

ချောက်မြို့မှာ အရင်က ရေနံမြေအရာရှိတွေ နေထိုင်ခဲ့တဲ့ နက/၆၀ မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းကို မနေ့ ည ၆ နာရီ ၄၅ မိနစ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ CGF ရဲ့ ဒုတာဝန်ခံ ဗိုလ်ပေတက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစစ်ကြောရေးစခန်းအတွင်းက အလင်းရောင်အောက်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်ကို ရှေ့တည့်တည့်ကနေ မျက်နှာချင်းဆိုင် ပစ်လိုက်တာဗျ။ အဲဒီမှာ သူတို့လူတယောက် လဲကျသွားပြီး ကျန်တဲ့ ၂ ယောက် ဝပ်လိုက်တဲ့အချိန်မှာ ၈ ချက်ပစ်လိုက်ပြီး သေနတ်က ဂျန်းဖြစ်သွားလို့ နောက်ပြန်ဆုတ်ခဲ့ရတယ်။ အဲဒီထဲက စစ်ကောင်စီတပ်သားတွေ ကျနော်တို့နောက်ကိုလိုက်လာလို့ သေနတ်အတိုတွေနဲ့ ပြန်ပစ်ခဲ့ရပြီး ထိခိုက်မှုရှိမရှိဆိုတာကိုတော့ ညဘက်ကြီးဖြစ်နေတဲ့အတွက် မသိရသေးဘူး။”

အဲဒီစစ်ကြောရေးစခန်းမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးတယောက် ဦးစီးပြီး စစ်ကောင်စီတပ်သား အယောက် ၂၀ ကျော်လောက် တပ်စွဲထားကာ အပြစ်မဲ့ပြည်သူတွေကို မတရား ဖမ်းဆီးနှိပ်စက်နေပြီး အခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ အသက် ၄၀ ကျော်လောက်ရှိတဲ့ ဦးကျော်မိုးနဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်တယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF၊ ချောက် ပ.က.ဖ၊ Hunter Dragon Group၊ King Fighter အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိပြီလို့ ပြောပါတယ်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့မှာလည်း ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တခု တိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့ မြောက်ဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို မနေ့က ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီ ၄၉ မိနစ်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၃ ယောက်သေဆုံးပြီး ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း-၁၊ တပ်ခွဲ-၃ နဲ့ နံသာမြေအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကူတွေလိုက်လာလို့ ကျနော်တို့ဘက်က ရဲဘော်တွေ အလျင်အမြန်ပစ်ခတ်ပြီး ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်”လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့အနီးမှာ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းကလည်း ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပ.က.ဖ ကနေ သိရပါတယ်။

ပေါက်မြို့နယ်မှာတော့ ထန်းပေါက်ကုန်းကျေးရွာကနေ မြိုင်မြို့နယ် ကိုင်းတောမကျေးရွာကို ဦးတည်ပြီး အင်အား ၆၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက အီနာဂါဗုံးသီး ၅ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Black Cheetah People Defence Force တာဝန်ခံက “လက်ခုပ်ပင်ကျေးရွာက တောစပ်နားအရောက်မှာ ဒရုန်းနဲ့ကြဲချတာဗျ။ လက်နက်ကြီးတွေနဲ့တော့ ရမ်းထုသေးတယ်။ ကျနော်တို့ဘက်က အထိအခိုက် မရှိပါဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Cheetah People Defence Force အပါအဝင် Hero New G.Z၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကာ အထိအခိုက် အကျအဆုံးကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

B2 45

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013