DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ခန့် သတ်ဖြတ်ခံရ
DVB
·
March 1, 2023
စစ်အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ခန့် သတ်ဖြတ်ခံရ
Donate to DVB

မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်း အယောက် ၇၀ လောက် သတ်ဖြတ်ခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေနဲ့ တခြားအကြမ်းဖက်မှုတွေကို လူမဆန်စွာ ဆက်တိုက်ကျူးလွန်ခဲ့တွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ NUG အစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ကျန်းမာရေးဝန်ထမ်း အယောက် ၉၀၀ လောက် ဖမ်းဆီးခံထားရပြီး အယောက် ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ အကြမ်းဖက်စစ်အုပ်စုက ဆေးရုံ/ဆေးခန်း ၁၆၀ ကျော်ကိုလည်း ဖျက်ဆီးတာတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ အကြမ်းဖက် တိုက်ခိုက်နေတာက ဂျီနီဗာကွန်ဗန်းရှင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ပြည်တွင်းဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့လည်း NUG အစိုးရက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေတုန်းက ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ် တည်ရှိရာ Camp Victoria စခန်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့လို့ ချင်းအမျိုးသားတပ်ဦးက ရဲမေ ၂ ယောက်နဲ့ ရဲဘော် ၃ ယောက် ကျဆုံးခဲ့ရပြီး ပြင်ပလူနာကုသဆောင်၊ ဆေးစတိုနဲ့ လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံအနီးက အသက် ၆၂ နှစ်အရွယ် ဒေါ်ကြည် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရကာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေ အချိန်မီ တိမ်းရှောင်နိုင်ခဲ့လို့ ဘေးကင်းခဲ့ရတယ်လို့ NUG အစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်ကတော့ အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ နွယ်အင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာက ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်းတခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ထဲက မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာအတွင်းရှိ အထက်တန်းကျောင်းနဲ့ ဆေးရုံကိုပါ ရဟတ်ယာဥ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆေးရုံအတွင်းက ဆေးနဲ့ ဆေးပစ္စည်းတွေကိုပါ အကြမ်းဖက်စစ်သားတွေက ဖျက်ဆီးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်တုန်းကတော့ တောထဲတနေရာမှာ မွေးလူနာကုသပေးပြီး အုတ်ဖိုမြို့ထဲ ပြန်လာတဲ့ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာ တိုက်နယ်ဆေးရုံက CDM သူနာပြုဆရာမ ဒေါ်မေဇွန်မိုးဟာ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာအနီးက အကြမ်းဖက်စစ်တပ် ခမရ ၆ စစ်ဆေးရေးဂိတ်မှာ PDF ရဲဘော် ၂ ယောက်နဲ့အတူ စစ်ဆေးခံရပြီး အကြမ်းဖက် စစ်သားတွေက PDF ရဲဘော် ၂ ယောက်ကို နေရာတင် ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

သူနာပြုဆရာမ ဒေါ်မေဇွန်မိုးကတော့ ထွက်ပြေးပုန်းအောင်းခဲ့ပေမဲ့ အကြမ်းဖက်စစ်တပ်က ဖမ်းမိသွားခဲ့ပြီး စစ်ကြောရေးမှာ နှိပ်စက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်က မုဒိမ်းကျင့် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၆ ရက်က ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံက CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းဟာ သူ့ရဲ့ ဇာတိရွာဖြစ်တဲ့ ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာမှာ နေထိုင်နေချိန် ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က သူနာပြုဆရာမကို ဖမ်းဆီးပြီးတော့ ၂၁ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ NUG အစိုးရက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဆိုပါအကြမ်းဖက်လုပ်ရပ်တွေကို NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့လည်း ဖြစ်နိုင်တဲ့ နည်းလမ်းမှန်သမျှကို အသုံးပြုကာ အမြန်ဆုံး ထိရောက်စွာ တားဆီးအရေးယူ ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013