DVB Logo
Home
မြန်မာသတင်း
မဲဆောက် UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်အရေး ဆန္ဒပြ
DVB
·
March 1, 2023
မဲဆောက် UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်အရေး ဆန္ဒပြ
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးရှေ့မှာ မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး မတ်လ ၁ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Maesot Myanmar Refugee Voice အဖွဲ့က ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး “UNHCR Hurry up”၊ “Save All The Refugee”၊ “Please Hurry up” စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလထဲမှာလည်း ဆန္ဒပြခဲ့ပြီး ခြိမ်းခြောက်ခံခဲ့ရတဲ့အတွက် မြေပြင်လှုပ်ရှားမှုတွေ ရပ်နားခဲ့ကာ ဒီကနေ့ မတ်လ ၁ ရက်မှ ပြန်လည်စတင်ခဲ့တာလို့ ဆိုပါတယ်။

ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး UNHCR အနေနဲ့ ဖြေရှင်းပေးဖို့ကိုလည်း စာပို့ထားခဲ့ပေမဲ့ အကြောင်းပြန်ခြင်း မရှိခဲ့တဲ့အတွက် ဆန္ဒထုတ်ဖော်ရတာဖြစ်ပြီး ထိုင်းနိုင်ငံ အချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်လည်လွှတ်ပေးစေချင်တယ်လို့ Maesot Myanmar Refugee Voice မှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“အခုလတ်တလောမှ UNHCR အနေနဲ့ လုပ်ငန်းတွေ ပြန်စနေပြီလို့ သိရတယ်။ ဒါပေမဲ့ ခွဲခြားဆက်ဆံခံနေရတယ်လို့ သံသယတွေ ရှိနေတယ်။ သူခေါ်ချင်တဲ့သူ ခေါ်သလို ဖြစ်နေတယ်။ အဓိကကတော့ ရုပ်ရှင်မင်းသား မင်းသမီးမို့လို့၊ နိုင်ငံရေးသမားမို့လို့ ခွဲခြားတာတွေ မလုပ်စေချင်ဘူး။ မြန်မာနိုင်ငံကနေ နိုင်ငံရေး၊ စစ်ရေး၊ အသက်အန္တရာယ်တွေအရ၊ ဒီနေရာကို တိမ်းရှောင်လာရတာ အတူတူ အကာအကွယ် ပေးတာတွေ တန်းတူဖြစ်စေချင်တယ်။”

အလားတူ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၁၃၊ ၁၄၊ ၁၅ ရက်တွေကလည်း မဲဆောက်မြို့ မြို့နယ် အုပ်ချုပ်ရေးမှူးအိမ်နဲ့ မဲဆောက်အချုပ်ထောင်ရှေ့ အပါအဝင် UNHCR ရုံးရှေ့တွေမှာလည်း မြန်မာဒုက္ခသည်တွေကို လေးစားအသိအမှတ်ပြုဖို့ စာတန်းတွေကိုင်ဆွဲပြီး အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူတာတွေ ရှိသလို အထောက်အထားမရှိတဲ့ သူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး တရားမဝင် ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013