ရခိုင်ပြည်နယ်၊ စစ်တွေမြို့တက္ကသိုလ်မှာ ရေသဘင်ပွဲ (Water Party) ကို ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ ထောင်ချီ ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဆီကနေ သိရပါတယ်။
“စာမေးပွဲက မတ်လ ၉ ရက်နေ့မှာ ကျင်းပမှာပါ။ စာမေးပွဲမဖြေဆိုမီ စိတ်လက်အပန်းပြေစေရန်အတွက် အခု Water Party ရေသဘင်ပွဲကို ကျင်းပတယ်လို့ သိရတယ်ဗျ။”
စစ်တွေတက္ကသိုလ် ရေသဘင် (Water Party) ပွဲမှာ ရခိုင်အဆိုတော်တွေဖြစ်ကြတဲ့ ခိုင်မင်းဟိန်း၊ မင်းမင်းချေ၊ ရဲမြတ်ကျော်၊ ကိုသား၊ အောင်ချေ၊ L ကိုလင်း၊ ရီလှိုင်းပြာ၊ ဒိုးကလေးနဲ့ ဇင်မာထွန်း စတဲ့ အဆိုတော်တွေကလည်း တေးသီချင်းတွေနဲ့ ဖျော်ဖြေတာ၊ စစ်တွေတက္ကသိုလ်ရှိ မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူတွေက ကပြဖျော်ဖြေတာတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
စစ်တွေတက္ကသိုလ် ရေသဘင်ပွဲ (Water Party) ကို ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ကစပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတယ်လို့ တက္ကသိုလ်အသိုင်းအဝန်းကနေ သိရပါတယ်။