
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့ သမီး အပါအဝင် အရပ်သား ၁၀ ဦးကျော်ကို ဖေဖော်ဝါရီ ၂၄ ရက် ညနေမှာ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါက်တာဝင်းအောင်ရဲ့ဇနီး ဒေါ်နီလာနဲ့ သမီးအကြီး ဒေါ်အိနန္ဒာအောင်တို့ကို ဒီလ ၂၄ ရက် ညနေပိုင်းက နေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးသွားပြီးတဲ့နောက် ဒေသခံ ၁၀ ဦးကျော်ကိုလည်း မနေ့က နေ့လယ်ပိုင်းမှာ ထပ်မံဖမ်းဆီးသွားခဲ့ပါတယ်။
ဒေါက်တာဝင်းအောင်ရဲ့ဇနီးနဲ့ သမီးဖြစ်သူတို့ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာကို ဒီနေ့ထိ ဘာသတင်းမှ မသိရသေးဘူးလို့ မြို့ခံတဦးက ပြောပါတယ်။ လွှတ်တော်အမတ် ဒေါက်တာဝင်းအောင်ကတော့ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၁၀ ယောက်ထဲမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နဲ့ လက်ဖက်ရည်ဖျော်ဆရာ အပါအဝင် တခြား အမျိုးသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်အထိ စစ်ကောင်စီက နိုင်ငံတဝန်း လူပေါင်း ၁၆,၀၀၅ ဦးကို ဖမ်းဆီးထားပြီး သေဆုံးသူ ၃,၀၃၀ ရှိတယ်လို့ နိုင်ငံရေအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။