Friday, June 9, 2023
HomeLead Storyပြည်သူ့ပါတီ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်၊ တစ်ပါတီစနစ် မလွှမ်းမိုးအောင် ခုခံကာကွယ်မည်ဟု ဦးကိုကိုကြီးပြော

ပြည်သူ့ပါတီ မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲဝင်ရန်ပြင်ဆင်၊ တစ်ပါတီစနစ် မလွှမ်းမိုးအောင် ခုခံကာကွယ်မည်ဟု ဦးကိုကိုကြီးပြော

တစ်ပါတီစနစ် လွှမ်းမိုးလာမယ့် အခြေအနေမဖြစ်အောင် ကာကွယ်ခုခံရမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တယောက်ဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

အသက်များစွာ ပေးဆပ်ပြီးမှ  ဗဟုဝါဒဖြစ်လာပြီး ဗဟုဝါဒပျက်စီးကာ တစ်ပါတီပဲ လွှမ်းမိုးတဲ့ အခြေအနေ ရောက်မလာအောင်တော့ ကာကွယ်ခုခံရမယ်လို့လည်း ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက်ပိုင်းက  ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ  ပြည်သူ့ပါတီဗဟိုဌာနချုပ်မှာ ပြုလုပ်တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ ဦးကိုကိုကြီးက ပြောကြားခဲ့ပါတယ်။

“နိုင်ငံရေးပါတီထောင်တာဟာ ပေါချောင်ကောင်းမဟုတ်ဘူး။ ဒီလမ်းကိုရွေးတာ လွယ်တယ်ထင်လို့ ရွေးခဲ့တာမဟုတ်ဘူး။ စိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်၊ ကျော်ဖြတ်မယ်ဆိုပြီး သန္နိဋ္ဌာန်ချပြီး ရွေးချယ်ခဲ့တာ။ အသက်များစွာ ပေးဆပ်ပြီးတော့မှ ဗဟုဝါဒဖြစ်လာတဲ့ဟာကို ဒီဗဟုဝါဒပျက်စီးပြီးတော့ တစ်ပါတီပဲလွှမ်းမိုးတဲ့အခြေအနေ ရောက်မလာအောင်တော့ ကာကွယ်ရလိမ့်မယ်  ခုခံရပါလိမ့်မယ်။”

ဒီကနေ့ ပြည်သူ့ပါတီဗဟိုဌာနချုပ်ရုံးမှာ ကျင်းပတဲ့ ဗဟိုကော်မတီအစည်းအဝေးကို ပါတီခေါင်းဆောင် ဦးကိုကိုကြီးနဲ့ ပါတီဗဟိုကော်မတီဝင်တွေ အပြင် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP)  ဥက္ကဋ္ဌ ဦးစိန်ဝင်းနဲ့ ပါတီဝင်တွေပါ တက်ရောက်ကြပါတယ်။

ပြည်သူ့ပါတီ(PP)နဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUDP)က ပူးပေါင်းပြီး ပြည်သူ့ပါတီအမည်နဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဝင်ပြိုင်သွားမယ်လို့လည်း သိရပါတယ်။

လတ်တလော ပါတီချင်းပူးပေါင်းပြီး ပြည်သူ့ပါတီပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်သူ စာရင်းကိုတော့ အတိအကျ ထုတ်ပြန်တာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိတဲ့အနက် စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ နိုင်ငံရေးပါတီမှတ်ပုံခြင်းဆိုင်ရာ ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက်  ပြန်လည်မှတ်ပုံတင်တဲ့ပါတီတွေကတော့ စစ်တပ်ဩဇာခံ ကြံ့ခိုင်ရေးပါတီအပါဝင်  ပါတီ ၉ ပါတီလောက် ရှိနေပြီဖြစ်ပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular