Home
မြန်မာသတင်း
ပခုက္ကူနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ မြိုင်မြို့နယ်၌ စစ်တပ်က လေကြောင်းမှ တိုက်ခိုက်
DVB
·
February 26, 2023
333051857_1411605659375710_1601374217942123340_n

မကွေးတိုင်း၊ ပခုက္ကူနဲ့ ဆိပ်ဖြူမြို့နယ်အစပ်မှာ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-NSP PDF က သိရပါတယ်။

ဆိပ်ဖြူမြို့နယ်ထဲကို ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၅ ရက် မနက်မှာ ပခုက္ကူမြို့နယ် စညောင်းရွာအနောက်ဘက်က ဒဟတ်တောထဲမှာ ရောက်နေတဲ့အချိန် မွန်းလွဲ ၂ နာရီကျော်လောက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NSP-PDF ရဲ့ တာဝန်ခံ ဗိုလ်ဒေးဗစ်က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ယောက် ထိမှန်သွားပြီး ၁ ယောက် သေဆုံးကာ ၁ ယောက် ဒဏ်ရာရခဲ့ပေမဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းကို ဆိပ်ဖြူ၊ ပခုက္ကူ၊ ပေါက်မြို့နယ်တွေက ဒေသကကွယ်ရေး မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွား လာနိုင်တယ်လို့ ဗိုလ်ဒေးဗစ်က ပြောပါတယ်။

လတ်တလော ပခုက္ကူမြို့နယ်ဘက်အခြမ်းက ဒေသခံ ၃၀၀၀ လောက်နဲ့ ဆိပ်ဖြူဘက်အခြမ်းက ဒေသခံ ၂၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်မှာတော့ ဖေဖော်ဝါရီလ ၂၄ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ စစ်ကောင်စီတပ်သား တွေ ၂ ကြိမ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ်(၁၆) တပ်ရင်း၊တပ်ခွဲ(၁)ပခုက္ကူ-GZ တပ်ဖွဲ့ကနေ သိရပါတယ်။

ပေါက်မြို့နယ် ရေပြာရွာဘက်က နေစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်ကို ဖေဖော်ဝါရီလ ၂၄ ရက် မနက် ၁၁ နာရီလောက်က ရေတိမ်ရွာနဲ့ ကျွန်းတောရွာကြားမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ-GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

“အဲဒီတိုက်ပွဲမှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ထိခိုက်သေဆုံးသူ ဒီထက်များပြားနိုင်တယ်။”

ဒါ့အပြင် ရှခွလေးနဲ့ ရှခွကြီး ရွာကြားမှာလည်း ညနေ ၅ နာရီလောက်မှာ ရိုင်ဖယ်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တယောက်ပုံလျက်လဲကျသွားပြီး ထိခိုက်သေဆုံးနိုင်တယ်လို့ ဗိုလ်တိုက်ဂါးကပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူ-GZ တပ်ဖွဲ့၊ PRF၊PDO/PDA တပ်ခွဲ(၂)၊Black ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာတော့ ဖော်ဝါရီလ ၂၅ ရက် မနက် ၁၁ နာရီလောက်က ဘာတိုက်ပွဲမှ  မဖြစ်ဘဲ စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဥ်တစီးနဲ့ လာပစ်သွားတယ်လို့  မြိုင် ပ.က.ဖ တပ်ရင်း(၂) တပ်ရင်းမှူး ဗိုလ်ကျောက်တိုင်က ပြောပါတယ်။

ဗဟင်းရွာနား၊ မန်ကျည်းကန်၊ ညောင်ကုန်း၊ ရွာသစ်ကုန်းရွာဘက်တွေကို စစ်ရဟတ်ယာဥ်က  နာရီဝက်လောက်ဝဲပြီး ရွာအစပ်တွေကို ပစ်ခတ်သွားတာဖြစ်ပြီး လူတွေတော့ ထိခိုက်မှုမရှိပေမဲ့ နေအိမ်အဆောက်ဦးတချို့တော့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်နယ်ထဲမှာ PDF တွေ အင်အားကောင်းတဲ့အတွက် လေကြောင်းကနေ PDF တွေရှိနိုင်တယ်ထင်ပြီး လာရောက် ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ဗိုလ်ကျောက်တိုင်က ပြောပါတယ်။

မန်ကျည်းကန်ရွာ ဒေသခံတယောက်က “ကျနော်တို့ မန်ကျည်းကန်ရွာကို စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ လေကြောင်းကနေပစ်ခတ်လို့ ပြည်သူတွေမွေးမြူထားတဲ့ နွားတကောင် လက်နက်ကြီးကျည်ထိမှန်သေဆုံးပြီး တကောင် ဒဏ်ရာရရှိကာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်”လို့ ပြောပါတယ်။

ရွာပေါ်ကနေ ရဟတ်ယာဥ်ဝဲသံကြားလို့ ရွာသားတွေ ကြောက်လန့်ပြီးဘေးလွတ်တဲ့ နေရာတွေနဲ့ ပုန်းခိုကျင်းတွေမှာ ဝင်ရောက်ပုန်းအောင်းခဲ့ရပြီး အဲဒီရဟတ်ယာဥ်ပြန်သွားမှ အပြင်ကို  ပြန်ထွက်ခဲ့ကြတာလို့ ဆိုပါတယ်။

မြိုင်မြို့နယ် ဗဟင်းတိုက်နယ်ဆေးရုံကိုလည်း ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ပိုင်းမှာ စစ်ကောင်စီက တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ လေကြောင်းကနေတိုက်ခိုက်ခဲ့လို့ ဒေသခံ အမျိုးသမီးတယောက် သေဆုံးခဲ့ပြီး ဆေးရုံအဆောက်ဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024