
စစ်ကိုင်းတိုင်း၊ အရာတော်မြိူ့နယ်၊ မင်းရွာကို ဖေဖော်ဝါရီ ၂၃ ရက် ညနေ နဲ့ ၂၄ ရက် ၂ ရက်အတွင်း စစ်ကောင်စီက အင်အား ၈၀ ကျော်နဲ့ ဝင်ရောက်မီးရှို့တာကြောင့် အိမ်ခြေ ၁၄၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
မင်းကျေးရွာ ဒေသခံအများစုဟာ မိရိုးဖလာတောင်သူလုပ်ငန်းနဲ့ ကွမ်းစိုက်ပျိုးမှုကို အဓိက လုပ်ကိုင်နေကြပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိတဲ့အနက် စစ်တပ်မီးရှို့တာကြောင့် အိမ်ခြေ ၇၀ လောက်ပဲ ကျန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် ကျေးရွာကို မီးရှို့တာကြောင့် ဒေသခံကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းရွာသားတဦးက ပြောပါတယ်။
“သူတို့က စစ်ကြောင်းထိုးလာပြီဆိုရင် ရွာတွေကို မီးရှို့တယ်။ ဘာကြောင့်မီးရှို့တာတွေ လုပ်လဲဆိုတော့ PDF ကို စိန်ခေါ်တဲ့သဘောနဲ့ကို မီးရှို့တာ။ သူတို့ အဲလိုမီးရှို့တော့ PDF က သူတို့ဝင်တိုက်တယ်ပေါ့၊ အဲမှာတိုက်ပွဲဖြစ်ကုန်ရော။ ကျနော်တို့ ဒေသခံတွေကတော့ လက်နက်ကိုင် ဘယ်သူလာလာ ကြောက်ရတာပဲလေ။ အဲတာကြောင့် စာနာစိတ်တော့ ထားသင့်ကြတယ်။ စစ်ကောင်စီကလည်း PDF တွေ နဲ့ တိုက်ပွဲဖြစ်ခြင်တယ်ဆိုရင်လည်း လွတ်တဲ့နေရာမှာ တိုက်ကြပါလား။ အခုတော့ ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ဝင်တယ်။ ရွာ သားတွေ မရှိတော့ဘူးဆိုရင် ရွာထဲက အိမ်တွေထဲဝင်ပြီး ရွှေ၊ ငွေနဲ့ တန်ကြေးရှိတာတွေ ယူတာတွေ လုပ်တယ်ဗျ။ အခုလည်း ကျနော်တို့ရွာကို မီးရှို့ပြီး ရွာမြောက်ဘက်ထွက်သွားကြပြီ။ အခု PDF တွေက မီးငြှိမ်းပေးနေကြတယ်။”
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ကို ဖေဖော်ဝါရီ ၂၂ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် မင်းရွာ၊ မလဲသာနဲ့ ကန်ရင်း စတဲ့ ရွာတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ လေကြောင်းကနေလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မင်းရွာကနေ စစ်ကောင်စီတပ်တွေပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
"စစ်ကောင်စီတော့ထွက်သွားပြီ။ အရင်တချီဝင်တုန်းက ၁၃၀ ကျော်ပါပြီးသား။ တော်တော်များများက ပြန်ဆောက်ပြီးနေကြတာ။ အဲ့ပြန်ဆောက်တဲ့သူတွေလည်း အကုန်ပြန်ပါ အဲ့လိုဖြစ်တာ။ တရွာလုံးနီးနီး ပြာဖြစ်နေတာဆိုတော့။ နောက်ထပ် ထူးခြားတာက စာသင်ကျောင်းပေါ့၊ အထက ၁ မင်းရွာ အဲ့ကျောင်းကို ရှို့သွားတယ်။ ကျောင်းဆောင်သစ်ကြီး တဦးတည်း အလှူရှင် လှူထားတာ။"
ဒါ့အပြင် စစ်ကောင်တပ်က ရွာအစပ်မှာ ရွာသားတဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေရဲ့ အကြမ်းဖက်မှုကြောင့် အရာတော်မြို့နယ်မှာ ရက်ပိုင်းအတွင်း စစ်ဘေးသင့်ပြည်သူ ၃ သောင်းဝန်းကျင်အထိ ရှိလာပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေနဲ့ ဆေးဝါးပြတ်တောက်မှုတွေကြောင့် အခက်အခဲကြုံနေရပါတယ်။
မင်းရွာသားတဦးက "လက်နက်ကြီးတွေနဲ့ ပိတ်ထုတော့ ဘာပစ္စည်းမှလည်း မရပါဘူး။ ကျန်တဲ့ဟာကလည်း သူတို့အကုန်တိုက်သွားကြပါတယ် ပစ္စည်းတွေကတော့။ ကျနော်တို့ ၃ ရက်ရှိပါပြီဗျာ။ ရွာကို (-) တွေက အင်တိုက်အားတိုက်ရှို့သွားပါတယ်။ အိမ်ခြေကလည်း ဘာမှမရှိတော့ပါဘူး။ ကျနော်တို့ ဘယ်လိုနေလို့ နေရမှန်းမသိတော့ပါဘူး။ အခု ကျွန်တော့်နောက်ကျောက စာသင်ကျောင်းကြီးပါ။ အဲ့ဒါကိုလည်း အကုန်ရှို့သွားပါတယ်" လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်း အရာတော်၊ ရွှေဘို၊ ဝက်လက် မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ထပ်တိုးလိုက်တဲ့အတွက် စစ်ကိုင်းတိုင်း ၃၇ မြို့နယ်မှာ ၁၄ မြို့နယ်အထိ စစ်အုပ်ချုပ်ရေးကြေညာခံထားရပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မီးရှို့မှုကြောင့် ၂၀၂၁ မေလကနေ ၂၀၂၃ ဇန်နဝါရီလကုန်အထိ နိုင်ငံတဝန်း အိမ်ခြေပေါင်း ၅၅,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ အိမ်ခြေ ၄၃,၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး မကွေးတိုင်းမှာ အိမ်ခြေ ၈,၈၀၀ ကျော်၊ ချင်းပြည်နယ်မှာ အိမ်ခြေ ၁,၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။