
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက် ၂ က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ မူဆယ်မြို့မပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် နေအိမ်တလုံးမှာ ဖေဖော်ဝါရီ ၂၄ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ပေါက်ကွဲမှုက နေအိမ် အိပ်ခန်းအတွင်းမှာဖြစ်တာ၊ ဖြစ်စဉ်က အချင်းချင်းဖြစ်ကြတာ မရိုးသားဘူး၊ နှစ်ဦးသေတာမှန်တယ်။ တဦးက ပွဲချင်းပြီး၊ တဦးက ဆေးရုံရောက်မှ သေတာ။ အဲ့ဒီ အဖွဲ့က မူဆယ်မြို့က ဓားပြတိုက်မှုနဲ့ တရုတ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တဲ့ အဖွဲ့တွေနဲ့ ပတ်သက်တယ်လို့ အရပ်ထဲမှာ သတင်းထွက်နေတယ်။”
ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်က ရောက်ရှိလာကာ ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို အမြန်ဆွဲထုတ်သွားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“သေတဲ့သူတွေက နာမည်ရှိတဲ့ ပြည်သူစစ်တွေတော့ မဟုတ်ဘူး။ ဖြစ်စဉ်ဖြစ်တဲ့နေ့ကတော့ စစ်တပ်ကရောက်လာပြီး အမြန်ဆွဲထုတ်သွားတယ်။ သတင်းကို စစ်တပ်က ပိတ်တယ်။”
မူဆယ်မြို့ပေါ်မှာ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး တချို့ ဓားပြမှုနဲ့ ပြန်ပေးဆွဲမှုတွေဟာ အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံဌာနေ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ ဆက်စပ်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့ပေါ်မှာ ခိုးမှု၊ လုယက်မှု၊ ပြန်ပြေးဆွဲမှုနဲ့ ဓားပြတိုက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်။ ပိုက်ဆံချမ်းသာတဲ့သူနဲ့ လုပ်ငန်းရှင်တွေကို ဓားပြတိုက်ပြီး တရုတ်တွေကိုကြတော့ ပြန်ပေးဆွဲငွေညှစ်တယ်။ အဲ့ဒီအမှုတချို့ မှာ စစ်တပ်ကော ပြည်သူ့စစ်တွေနဲ့ပါ ပတ်သက်နေတယ်။ ဓားပြတိုက်မှုနဲ့ တရုတ်ပြန်ပေးဆွဲမှုတွေကို ကျုလွန်တဲ့ အဖွဲ့တွေမှာ စစ်တပ်က ထုတ်တဲ့ သေနတ်တွေကို ကိုင်ထားကြတယ်။ တချို့ဖွဲ့ကတော့ သေနတ်ဝယ်ကိုင်ပြီး ပြစ်မှုတွေကို ကျုးလွန်နေကြတယ်” လို့ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
မူဆယ်မြို့ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးရဲ့ အဓိကကျတဲ့ မြို့ဖြစ်ပြီး စစ်တပ်အာဏာပိုင်နဲ့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေဟာ လောင်းကစားရုံ၊ လောင်းကစားဝိုင်း၊ ဂိမ်းရုံတွေ ဖွင့်လှစ်ထားတဲ့အပြင် တရားမဝင်ကုန်သွယ်မှု၊ လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေနဲ့ပါ ပတ်သက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။