
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ ပိုမိုများလာကာ ဈေးနှုန်းချိုသာစွာနဲ့ အလွယ်တကူဝယ်ယူသုံးစွဲလို့ရနေတာကြောင့် လူငယ်လူရွယ်တွေအကြား မူးယစ်ဆေးဝါး ကိုအရင်ကထက် ပိုသုံးစွဲသူများလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
WY စိတ်ကြွရူးသွပ်ဆေးပြားတွေအပါအဝင် တခြားမူးယစ်ဆေးဝါးမျိုးစုံကို အလွယ်တကူ ပေါပေါများများ ဝယ်ယူလို့ရနိုင်တဲ့အတွက် လူငယ်တွေအကြားမှာ ဝယ်ယူသုံးစွဲသူဦးရေများ လာတာဖြစ်တယ်လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
"အရင်အစိုးရလက်ထက်ကလည်း မူးယစ်ဆေးဝါးသုံးစွဲသူတွေရှိတာပဲ။ ဒီစစ်ကောင်စီ လက်ထက်လောက်တော့ မပေါဘူးပေါ့ဗျာ။ အခုကတော့ ရပ်ကွက်ထဲက လူငယ်တွေပါ ပိုသုံးလာကြတယ်။ မူးယစ်ဆေးဝါးတန်ဖိုးလည်း နည်းလာတယ်။ အရင်ကဆိုWY ဆေးပြားတစ်ပြားကို ပိုက်ဆံ ကျပ်သုံးထောင်လောက်ပဲ။ အခုက တစ်ထောင်လောက်ပဲ ကျတော့တာ။ ရွာတွေဘက်မှာဆို ၅၀၀ လောက်ပဲရှိတော့တယ်။”
ကျောင်းသားမိဘတဦးကလည်း “လူငယ်တွေက ပတ်ဝန်းကျင်မှာ လုပ်နေတာမြင်ရင်တော့ အတုယူမှားပြီး သင်ယူလာကြတယ်။ အဓိကကတော့ ပစ္စည်းတွေပေါလာတော့ ဈေးပေါလာတယ်။ ဒီတော့လူငယ်တွေ အလွယ်တကူ ဝယ်သုံးနိုင်နေပြီ၊ လောင်းကစား တွေလည်း စုံနေတော့ မြိတ်မြို့မှာ အရွယ်ရောက်လာမယ့်ကလေးတွေ ထားရမှာတောင်ကြောက်လာပြီ"လို့ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မူးယစ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေဟာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေကို ဖမ်းဆီးစစ်ဆေး အရေးယူဆောင်ရွက်တာမျိုးတွေ အရင်က ထက်လျော့နည်းလာတယ်လို့လည်း သိရပါတယ်။
မြိတ်မြို့ခံတဦးက "အခုလက်ရှိတော့ သူတို့ဌာနဆိုင်ရာတွေက အလုပ်သိပ်မလုပ်ဘူး၊ ဖမ်းဆီးတာတွေ ရှိတယ်ဆိုပေမဲ့ အရင်အစိုးရ လက်ထက်နဲ့ယှဥ်ရင် တော်တော် လျော့နည်းနေသေးတယ်။ အရင်အစိုးရတုန်းကဆို ရှောင်တခင်ဝင်စစ်တာတို့ စီမံကိန်းနဲ့ ဝင်ဖမ်းဆီးတာမျိုးတွေလုပ်တယ်လေ။ ဒီစစ်ကောင်စီလက်ထက်မှာတော့ မူးယစ်ဆေးဝါးက နိင်ငံရေးနဲ့ ပတ်သက်တဲ့အမှုမဟုတ်တဲ့အတွက် အဲ့လောက်ထိ အာရုံမစိုက်ကြဘူး"လို့ပြောပါတယ်။
ဒါအပြင့် မူးယစ်ဆေးဝါးလက်ဝယ်ဖမ်းဆီးမိတဲ့ လူတချို့ကိုလည်း စစ်ကောင်စီလက်အောက်ခံဌာန ဆိုင်ရာကနေ အရေးယူတာမျိုးမရှိဘဲ ဖမ်းဆီးပြီးမကြာခင်မှာ ပြန်လွှတ်ပေးလိုက်တာမျိုးတွေရှိသလို စစ်ကောင်စီခေါင်းဆောင်က လွတ်ငြိမ်းခွင့်နဲ့ မကြာမကြာပြန်လွှတ်ပေးတဲ့ အထဲတွေမှာလည်း မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံရသူတွေ အများစုပါဝင်ပါတယ်။
ထားဝယ်နဲ့ မြိတ်မြို့ပေါ်တွေမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးအရေးယူ ဆောင်ရွက်တာတွေနည်ပါးနေပေမဲ့ ကျေးရွာဒေသတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တွေက မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီးတာ၊ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်နေပါတယ်။
တနင်္သာရီတိုင်းဒေသကြီးအပြင် မွန်၊ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ ရန်ကုန်နဲ့ မန္တလေးစတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း စစ်ကောင်စီလက်ထက် မူးယစ်ဆေးဝါးတွေ ပေါပေါများများ အလွယ်တကူ ရနေတဲ့အတွက် လူငယ်လူရွယ်တွေအကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုများလာနေပါတယ်။
ယခင်စစ်အစိုးရတွေလက်ထက်တုန်းကလည်း ကျောင်းသားလူငယ်တွေကို နိုင်ငံရေးလှုပ်ရှားမှု တွေမှာ စိတ်ဝင်စားမှုနည်းပါးလာအောင်ရည်ရွယ်ချက်နဲ့ ရဲ၊ စစ်ထောက်လှမ်းရေးနဲ့ စသုံးသုံးတွေက မူးယစ်ဆေးဝါးတွေ ရောင်းချပေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။