
ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းမှာ အလုပ်လုပ်ကိုင်ရမယ်ဆိုပြီး လိမ်လည်လူကုန်ကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၂၁ ဦးအနက် ၁၄ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ မနီလာမြို့ရှိ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မြန်မာနိုင်ငံသား ၂၁ ဦးဟာ ဖိလစ်ပိုင်နိုင်ငံမှာ အွန်လိုင်းဂိမ်း အလုပ်လုပ်ရမယ်ဆိုပြီး လိမ်လည်လူကုန်ကူးခံရပြီးနောက် အဓမ္မခိုင်းစေမှုတွေခံနေရလို့ ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
လူကုန်ကူးခံရသူတွေကို လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့အတွက် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတွေက ဆေင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။
လူကုန်ကူးခံရသူတွေအထဲက ပထမအသုတ်အဖြစ် ၄ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်က ပြန်ပို့ဆောင်ခဲ့ပြီးတော့ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာတော့ ဒုတိယအသုတ်အဖြစ် နောက်ထပ် ၁၀ ဦးကို မြန်မာနိုင်ငံသို့ ထပ်မံပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသား ၂၁ ဦးအနက် ၁၄ ယောက်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ကျန် ၇ ဦးကို ပြန်လည်ပို့ဆောင်ဖို့ သုံရုံး တာဝန်ရှိသူတွေနဲ့ ဖိလစ်ပိုင်အာဏာပိုင်တွေက သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်မှာ လူမှောင်ခိုကူးခံခဲ့ရပြီး ဒီဂျစ်တယ်ငွေကြေး Cryptocurrency လုပ်ငန်းမှာ ခိုင်းစေခံနေရသူတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦးကိုလည်း ဖိလစ်ပိုင်အစိုးရက ဆက်သွယ်ကယ်တင်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်က ဖိလစ်ပိုင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
ဓာတ်ပုံ-Myanmar Embassy Philippines