
စစ်ကိုင်းတိုင်း ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ မြို့နယ်မီးသတ်ရုံးကို ဖေဖော်ဝါရီ ၂၃ ရက်က ကလေးမြို့ပြစစ်ဆင်ရေးအဖွဲ့က သတိပေးတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေဆီက သိရပါတယ်။
မြို့နယ်မီးသတ်ဌာနက မီးသတ်တပ်ဖွဲ့ဟာ ပြည်သူ့နေအိမ်တွေ မီးလောင်ကျွမ်းပါက မီးလာရောက် မငြှိမ်းသတ်ဘဲ စစ်ကောင်စီနဲ့ဆက်စပ်တဲ့ ရုံးတွေ မီးလောင်မှသာ လာရောက် ငြှိမ်းသတ် နေတာကြောင့် သတိပေးတိုက်ခိုက်ခဲ့တာလို့ ကလေးမြို့မြို့ပြစစ်ဆင်ရေးအဖွဲ့ဝင် တဦးက ပြောပါတယ်။
"အခုကတော့ သတိပေးတဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရမှာလည်း မဟုတ်ပါဘူး။ အဓိကက မီးသတ်သတ်ဖွဲ့ဆိုတာ ပြည်သူအတွက် လုပ်ပေးရမှာလေ။ အခုဟာက မီးလောင်တယ်လို့ ဖုန်းဆက်ရင် လာမငြှိမ်းတာတွေ များနေပြီ။"
ကလေးမြို့ခံတဦးဖြစ်တဲ့ ကိုဆလိုင်းဗန်ထောင်ဘိတ်က "မီးသတ်သတ်ဖွဲ့က ပြည်သူတွေရဲ့ နေအိမ်မီးလောင်ကျွမ်းရင်သာ မီးလာမငြှိမ်းတာ။ တရားရုံးကို မြို့ပြင်စစ်ဆင်ရေးအဖွဲ့က မီးပုလင်းနဲ့ပစ်လို့ မီးလောင်တုန်းက မီးသတ်ကား ၅ စီးနဲ့ ချက်ချင်းလာရောက်ငြှိမ်းပေးတယ်" လို့ ဆိုပါတယ်။
မီးသတ်ဌာနတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ကလေးမြို့မီးသတ်ဌာနဘက်ကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့သလို မြို့နယ်မီးသတ်ဌာနမှူးကတော့ အထက်က ခွင့်ပြုချက် ရရှိပြီး လုံခြုံရေးအင်အား ချပေးမှာသာ မီးသတ်သတ်ဖွဲ့ဘက်က မီးသွားရောက်ငြှိမ်းသတ် ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။