
ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ်ထဲမှာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်က ဘက်ထရီအားကုန်ပြီး ရပ်ထားတဲ့ ၁၀ ဘီးကား ၁ စီးပေါ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀၁ ဦးကို ဖမ်းဆီးရမိတယ်လို့ ချန်နယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒီနေ့မနက် ၂ နာရီလောက်က ဟတ်ယိုင်မြို့ ထုန့်တမ်ဆောင်အုပ်စု ရပ်ကွက် ၂ ရှိ လမ်းမကြီးပေါ်မှာ ၁၀ ဘီးကား ၁ စီး အတန်ကြာရပ်ထားတာဟာ ထူးခြားနေလို့ နယ်မြေခံတွေက ရပ်ကွက်အုပ်ချူပ်ရေးမှူးကို အကြောင်းကြားခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးကလည်း သက်ဆိုင်ရာရဲစခန်းကို အကြောင်းကြားပြီး တာဝန်ရှိသူတွေနဲ့အတူ အဆိုပါကားကို လာရောက်စစ်ဆေးခဲ့ကြောင်း၊ ယာဉ်မောင်း နိုင်းထနားကွဏ်းနဲ့ အဖော် နိုင်းပရဒဏ် ဆိုသူ ထိုင်း ၂ ဦးက သူတို့ကား ဘက်ထရီအားကုန်နေလို့ ရပ်ထားရတာလို့ ဖြေပါတယ်။
တာဝန်ရှိသူတွေက ကားထဲပါလာတဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့ အုပ်မိုးထားတဲ့ တာလပတ်ကို ခွာချလိုက်ရာမှာ သဲအထူ ၄၀ စင်တီမီတာလောက် ဖုံးလွှမ်းထားတဲ့ မိုးကာအောက်မှာ လူ ၁၀၀ လောက် ပုန်းအောင်းလိုက်ပါလာတာကို တွေ့လိုက်ရတာလို့ ဆိုပါတယ်။
သူတို့ထဲမှာ အမျိုးသား ၈၂ ဦး၊ အမျိုးသမီး ၁၉ ဦး၊ စုစုပေါင်း ၁၀၁ ဦးပါဝင်ပြီး မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ မလေးရှားနယ်စပ်ရှိ လူပွဲစားထံ အရောက်ပို့ပေးဖို့ ပရကျူပ်ခီရီခန်ခရိုင် ဆင်းခွန်မြို့နယ် မြန်မာနယ်စပ်ကနေ အဆင့်ဆင့် သယ်ဆောင်လာတာလို့ ထိုင်းကားသမားက ဝန်ခံပါတယ်။
ချိန်းဆိုထားတဲ့နေရာမှာ ပွဲစားကို စောင့်ဆိုင်းနေစဉ် ကားရပ်ထားတာကြာလို့ ဘက်ထရီကုန်သွားကြောင်း ၊ ဘက်ထရီအိုးပြန်လဲဖို့ လုပ်နေတုန်းမှာပဲ စစ်ဆေးရေးက ရောက်လာတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက ကားရော လူပါ ရဲစခန်းကို ခေါ်ဆောင်သွားကြောင်း၊ အဖမ်းခံရသူတွေဟာ နွမ်းနယ်ဆာလောင်နေကြလို့ ရဲတပ်ဖွဲ့က ရေနဲ့ ထမင်းထုပ်တွေ ဝေပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။