
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မဇွပ်ယန်ကျေးရွာ အကျဉ်းထောင်ဘက်မှာ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့သလို နေအိမ်နှစ်လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက် ၈ နာရီခွဲလောက်ကနေ စဖြစ်တာ၊ လက်နက်ကြီးအသံတွေ အရင်ကြားရတယ်။ နောက်မှ သေနတ်အသေးသံတွေ ကြားရတယ်။ အဲကနေ အပြန်အလှန်ပစ်ခတ်ကြတာ၊ တနာရီလောက်ပါပဲ၊ ဟို မဇွပ်ယန်ရွာကိုတော့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ တဦးထိတယ်တဲ့။”
လက်နက်ကြီးထိမှန်တဲ့ အမျိုးသမီးရဲ့ ဒဏ်ရာဟာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်နက်ကြီးပစ်ခတ်မှုတွေလည်း အကြိမ်ရေများတယ်လို့ လုံးခင်ရွာက ဒေသခံတဦးကလည်း ပြောပါတယ်။ မဇွပ်ယန် အကျဉ်းထောင်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေ ပစ်ခတ်လေ့ရှိတယ်လို့လည်း သိရပါတယ်။