
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ၈၇ × ၈၉ လမ်းကြား၊ ၃၅ လမ်းပေါ်မှာ ဖေဖော်ဝါရီ ၂၃ ရက် ညနေက ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီး ၁ ဦးကို လူငယ် ၂ ဦးက လုယက်ပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးရာ လုယက်ခံရသူ အမျိုးသမီးက အော်ဟစ်တဲ့အတွက် အနီးနားရှိ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးလိုက်တယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေထံက သိရပါတယ်။
မြင်တွေ့ခဲ့သူ အမျိုးသားတဦးက “လူငယ် ၂ ယောက်က အမျိုးသမီး ၁ ယောက်ဆီကနေ ပိုက်ဆံအိတ်လုပြေးတာ။ ပတ်ဝန်းကျင်က ဝိုင်းဖမ်းတာ၊ ဖမ်းတဲ့သူတွေကို ပြန်ရန်လုပ်တာနဲ့ ဝိုင်းပြီး ထိုးကြိတ်ပစ်လိုက်တာ ဒဏ်ရာတွေရသွားတယ်” လို့ ပြောပါတယ်။
လုယက်သူ လူငယ် ၂ ဦးကို ရဲတွေကဖမ်းသွားပြီး ဒဏ်ရာတွေရှိလို့ ဆေးရုံကိုခေါ်သွားတယ်လို့ အနီးနားရှိ မြို့ခံတွေထံက သိရပါတယ်။
မန္တလေးမြို့မှာ မကြာခဏ ဓားပြမှု၊ လုယက်မှုတွေ ဖြစ်ပွားနေပြီး လုယက်ခံရသူတွေ ထိခိုက်ဒဏ်ရာရကာ အသက်သေဆုံးတဲ့အထိ ဖြစ်နေပေမဲ့ စစ်ကောင်စီအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကတော့ ထိထိရောက်ရောက် ဖမ်းဆီးအရေးယူနိုင်တာ မရှိဘူးလို့ မြို့ခံတွေက ဆိုပါတယ်။