DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါနှင့် ရေစကြိုတို့တွင် စစ်ကောင်စီယာဉ်တန်းနှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ်ရှိ ပျူစောထီးရွာကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်း
DVB
·
February 24, 2023
ဂန့်ဂေါနှင့် ရေစကြိုတို့တွင် စစ်ကောင်စီယာဉ်တန်းနှင့် ရဲစခန်း တိုက်ခိုက်ခံရ၊ ပေါက်မြို့နယ်ရှိ ပျူစောထီးရွာကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်း
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် ညမှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် ပ.က.ဖ ကနေ သိရပါတယ်။

ကန်ရွာရဲစခန်းက ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ည ၉ နာရီခွဲလောက်မှာ လင်းယုန်တပ်ဖွဲနဲ့ ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မင်းဘူးခရိုင် ပ.က.ဖ တာဝန်ခံ ဗိုလ်မိုးသီးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ဘက်ကတော့ ကတုတ်ကျင်းတွေမှာ နေရာယူပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် မီလောင်ဗုံး အလုံး ၄၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။”

နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်လို့ ဗိုလ်မိုးသီးက ပြောပါတယ်။

စလင်းမြို့နယ်မှာလည်း မင်းဘူးခရိုင် ပ.က.ဖနဲ့ ညီနောင်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၈ ရက် ညပိုင်းမှာ ကံပြားရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ မင်းဘူးခရိုင် ပ.က.ဖ ကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့မှာလည်း ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကား ၃ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ်အခြေစိုက် ခမရ ၂၅၈ တပ်ရင်းထဲက အိမ်စီးကား ၃ စီးအပြည့်နဲ့ ရေစကြိုမြို့ထဲကို ဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မနေ့ ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီလောက်က စိုက်ပျိုးရေးခြံနားအရောက်မှာ ပဒေသာမိုင်း ၃ လုံးတွဲ ၂ တွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီတိုက်ခိုက်မှုအတွင်းမှာ ကား ၂ စီး ထိခိုက်ပျက်စီးကာ ထိုးရပ်သွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များပြားနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်။ သူတို့ဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ပေမဲ့ ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်။”

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစု ပျူစောထီးရွာကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်ညီနောင်တွေ စုပေါင်းပြီး ဖေဖော်ဝါရီ ၂၂ ရက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်စီးနင်းခဲ့ရာ စီးနင်းမှု အောင်မြင်ခါနီးမှ လေကြောင်းပစ်ကူ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ၆ ဦး သေဆုံးကာ ပြင်းထန်စွာ ဒဏ်ရာရရှိသူ များပြားပြီး ပြည်သူ့ရဲဘော်တွေဘက်က ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်က ဝယ်ယူရရှိခဲ့တဲ့ ရိုင်ဖယ်သေနတ်နဲ့ ၂၂ ရက်နေ့မှာ ကုက္ကိုစုပျူရွာကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ စစ်သားတဦးကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့တယ်လို့ ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အခုတိုက်ပွဲကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ ခွဲ-၂ God of Myaing၊ 3 in 1၊ M7 Army၊ ပခုက္ကူ တော်လှန်ရေးတပ်ဦး (PFR)၊ ပခုက္ကူခရိုင် တပ်ရင်း-၁၆၊ တပ်ခွဲ-၂ (မီးခဲ တော်လှန်ရေးတပ်ဖွဲ့)၊ PPDF၊ ပခုက္ကူခရိုင် တပ်ရင်း-၄၊ Pakokku Special Task Force၊ နဂါးနီ ကွန်မန်ဒိုတပ်ပေါင်းစု၊ ပခုက္ကူခရိုင် တပ်ရင်း-၁၅ (ကျားသစ်နက် ခွဲ-၃ စိတ်-၁)၊ MUGDF၊ နွေဦးညီနောင်၊ ကိုအောင်ကြီး ဦးဆောင်တဲ့ ဒေသခံကာကွယ်ရေးတပ် (RGF)၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ မုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဇာမဏီ၊ RDF၊ ပေါက် (ပလဖ)၊ ပခုက္ကူခရိုင် တပ်ရင်း-၇၊ Strom Centre ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း-၁၄၊ နပတ တပ်ရင်း-၇၀၃၊ မိုးတိမ် ပြောက်ကျားတပ်နဲ့ မဟာမိတ်ညီအကိုများ၊ Cylone ပြောက်ကျားတပ်ဖွဲ့၊ မြိုင် တပ်ရင်း-၂၊ Urban (UURF)၊ ဆင်ရိုင်း၊ MVRF၊ ဗိုလ်စကား ပြောက်ကျားတပ်ဖွဲ့၊ အနောက်လွင်ပြင် ကာကွယ်ရေးတပ်ဖွဲ့၊ GOBA၊ TYK ပြောက်ကျားတပ်ဖွဲ့၊ မြိုင်တပ်ရင်း-၁ ခွဲ-၁ နဲ့ Anonymous Special Task Force - Pauk တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ ဒေသခံ ပြည်သူလူထုက ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ကို လက်စွပ်၊ နားကပ်နဲ့ ဆွဲကြိုးတွေ အပါအဝင် ငွေကျပ် သိန်း ၁၈၀ ကျော် လှူဒါန်းခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013