Home
မြန်မာသတင်း
ဆန်နှင့်ဆန်ကွဲ ပို့ကုန်ရငွေများ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်
DVB
·
February 24, 2023

နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ဆန်ကွဲ ပို့ကုန်ကနေရတဲ့ နိုင်ငံခြားငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ မတ်လ ၁ ရက်က စပြီး  မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့ စစ်ကောင်စီလက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ပို့ကုန်ပစ္စည်းတွေ အပေါ် မူဝါဒ တစ်ပြေးညီ ကျင့်သုံးဆောင်ရွက်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှု ပို့ကုန်ရငွေကိုရာ ပြည်ပပို့ကုန်ရငွေ ကန့်သတ်ချက်ထဲ ထည့်သွင်းလိုက်တာပါ။

အရင်က နယ်စပ်ကုန်သွယ်ရေးမှာ ဆန်/ဆန်ကွဲ ပို့ကုန်ရငွေကလွဲပြီး ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်း၊ ရာဘာ၊ ရေထွက်ပစ္စည်း၊ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေ တင်ပို့မှုကရရှိတဲ့ ပို့ကုန်ရငွေအပေါ် ၃၅ ရာခိုင်နှုန်းကို ဈေးကွက် ပေါက်စျေး အတိုင်း သုံးစွဲခွင့်၊ လွှဲပြောင်းရောင်းချခွင့်ပြုပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်စျေးနဲ့ တရက် အတွင်း ကျပ်ငွေ မဖြစ်မနေ လဲလှယ်ရမယ်လို့ ကန့်သတ်ထားတာပါ။

လက်ရှိမှာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေ ဆန်/ဆန်ထွက်ပစ္စည်းတင်ပို့ရောင်းချရာမှာ ရရှိတဲ့ ပို့ကုန်ရငွေ (နိုင်ငံခြားငွေ) ကို ပို့ကုန်တင်ပို့သူကို ရာနှုန်းပြည့်ထုတ်ယူ အသုံးပြုခွင့်ပေးထားရာက မတ်လ ၁ ရက်နေ့က စပြီး ၃၅ ရာခိုင်နှုန်းကိုသာ ထုတ်ယူသုံးစွဲခွင့်ရှိပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှန်းထားနဲ့ မြန်မာကျပ်ငွေ မဖြစ်မနေလဲလှယ်ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ဟာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်ငွေ၊ ထိုင်းဘတ်ငွေတိုနဲ့ တိုက်ရိုက်ပေးချေ အသုံးပြုခွင့် ပေးထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေကြေးသတ်မှတ်နှုန်းထားဟာ ပြင်ပစျေးကွက် ပေါက်စျေး ကွာဟချက် ရှိတာကြောင့် နယ်စပ်ပို့ကုန် ဆန်၊ ဆန်ကွဲ စျေးကျဆင်းနိုင်တယ်လို့ ကုန်သည်တချို့က သုံးသပ်ထားကြပါတယ်။

ဆန်ကုန်သည်တဦးက “ပြည်တွင်း ဆန်မလုံလောက်လို့ နယ်စပ်ကို ထိန်းချုပ်လိုက်တယ် ထင်ပါတယ်။ အရင်က ဆန်၊ ဆန်ကွဲ ရောင်းရင် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းက အပြင်ပေါက်စျေးနဲ့ရတာ၊ အဲလို သတ်မှတ်မယ်ဆိုရင် သတ်မှတ်စျေးနဲ့ပဲ ရတော့မယ်။ အဲဒီ ကန့်သတ်ချက်က ပြည်တွင်း ဆန် ဈေးကွက်အပေါ် သက်ရောက်မှု ရှိမရှိကိုတော့ စောင့်ကြည့်ရမှာ”လို့ ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်မှာ မတ်လ ၁ ရက်နေ့ မတိုင်မီ ကုန်ဖိုးငွေ ကြိုတင်ပေးပို့ထားပြီးဖြစ်တဲ့ ဆန်/ ဆန်ကွဲ ရောင်းချမှုတွေကိုလည်း ကင်းလွတ်ခွင့်မပြုဘူးလို့ ဖော်ပြပါတယ်။

ဆန်စပါးလုပ်ငန်းရှင်တစ်ဦးက “ မတ်လ ၁ ရက်နေ့ကစပြီး နယ်စပ် ဆန်/ဆန်ကွဲ ပို့ကုန်ရငွေတွေ ၆၅/ ၃၅ ဖြစ်မယ်။ ငွေကြိုသွင်းလည်း ခွင့်မပြုဘူး” လို့ ပြောပါတယ်။

တဖက်မှာလည်း အထွေထွေကုန်ကျစရိတ်တွေကြောင့် စိုက်ပျိုးစရိတ် လေးဆလောက် ပိုကုန်ကျခဲ့ရတဲ့ စပါးစိုက်တောင်သူတွေကတော့ စပါးဈေးကျဆင်းမှာကို စိုးရိမ်နေကြပြီး နောက်တစ်ဖက်မှာလည်း မကြုံစဖူးထူးကဲ မြင့်တက်နေတဲ့ မြန်မာပြည်တွင်း ဆန်စျေးနှုန်းတွေကြောင့် ဝင်ငွေနည်းပါးတဲ့ အခြေခံပြည်သူတွေ အခက်တွေ့နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024