Live
Home
မြန်မာသတင်း
၇၄-၇၅-၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှု နှစ် ၄၀ ပြည့် အခမ်းအနား ပြုလုပ်
ရွှေအောင်
·
June 6, 2014
၁၉၇၄-၇၅-၇၆ အလုပ်သမားနဲ့ ကျောင်းသားလှုပ်ရှားမှု နှစ် ၄၀ပြည့် အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ june 6 2014ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၆ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ၇၄-၇၅ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ အင်အား ၃၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နာယက သူရဦးတင်ဦး၊ ရခိုင်ပါတီခေါင်းဆောင် ဦးအေးသာအောင်၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး စသူတို့က အလုပ်သမားအရေးနဲ့ ကျောင်းသားအရေးလှုပ်ရှားမှုတွေအကြောင်း အမှတ်တရစကား အသီးသီး ပြောကြားခဲ့ကြပါတယ်။ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအေးသာအောင်က “အဓိက တော့ ၇၄ - ၇၅ - ၇၆ အလုပ်သမားအရေးအခင်း၊ မှိုင်းရာပြည့်၊ ဦးသန့်၊ ကျောင်းသားတွေရဲ့ ဇွန် အရေးအခင်းတွေကို ပေါင်းပြီးတော့ ရည်ညွှန်းတဲ့ အခမ်းအနား ဖြစ်ပါတယ်။ အဲဒီတော့ ၇၄ - ၇၅ - ၇၆ ခုနှစ်တွေမှာ အရေးအခင်းတွေ ဖြစ်ခဲ့တယ်။ အဲဒီအရေးအခင်းတွေက အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် အရေးအခင်းတွေ ဖြစ်ခဲ့တာပါ။ ဒီအရေးအခင်းတွေအတွက် အခုလို ပွင့်လင်းလာတဲ့ အချိန်အခါမှာ အခမ်းအနား လုပ်ပေးတဲ့ ပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါဟာ သမိုင်းပါပဲ။ သမိုင်းဆိုတာ မေ့ပျောက်ပစ်လို့ မရဘူး။ အသိအမှတ် ပြုရမယ်။ မှတ်တမ်းမှတ်ရာ အနေနဲ့ ထားရမယ်။ ဒီအခမ်းအနား ပြုလုပ်ရုံနဲ့ မပြီးနဲ့ ဒီနေ့အပြောင်းအလဲအတွက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာ ဒီအဖွဲ့တွေ၊ ဒီအုပ်စုတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ အခိုင်အမာ ဖွဲ့စည်းပြီးတော့ အပြောင်းအလဲ ဖြစ်ဖို့ ကြိုးပမ်းတဲ့နေရာမှာ တခန်းတကဏ္ဍက ပါဝင်သင့်တယ်” လို့ ပြောပါတယ်။ ၇၄-၇၅-၇၆ ကျောင်းသား အလုပ်သမားလှုပ်ရှားမှု နှစ် ၄၀ကျ ပြည့် အခမ်းအနားကို စီစဉ်သူတဦးဖြစ်တဲ့ ၇၅ ကျောင်းသားဟောင်း ဦးကျော်အောင်က ဒီနေ့ပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။ “အဓိကတော့ အာဏာရှင်စနစ်ဆိုတာ ၈၈ နောက်ပိုင်းမှ ပေါ်ခဲ့တာ မဟုတ်ဘူး။ ၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်း ပြီးကတည်းက မြန်မာပြည်မှာ စစ်အာဏာရှင် စနစ်ပေါ်ပေါက်ခဲ့တယ်။ စစ်အာဏာရှင်စနစ်ကနေပြီးတော့ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်ခဲ့တယ်။ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ ပြည်သူလူတွေ၊ အလုပ်သမားတွေ၊ ကျောင်းသားတွေ ဦးဆောင်ပြီးတော့ ဆန့်ကျင် တော်လှန်ခဲ့တယ်။ အဲဒီ တော်လှန်ခဲ့တဲ့ အရှိန်နဲ့ ၈၈ မျိုးဆက်ကို လက်ဆင့်ကမ်းခဲ့တယ်။ နောက်တခါ ၈၈ အရှိန်နဲ့ ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးကို လှုပ်ရှားနေတယ်။ အခု လုပ်နေတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေဟာ ဟိုတုန်းကတည်းက စစ်အာဏာရှင် ကို တော်လှန်ခဲ့တယ်။ အခုလည်း စစ်အာဏာရှင် အရိပ်မဲအောက်က မလွတ်မြောက်သေးဘူး။ နောက်ဆုံး နိုင်ငံရေးအရ တောင်းဆိုနေကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုတာတွေကလည်း ကျနော်တို့ ၁၉၇၄ - ၇၅ တုန်းက လှုပ်ရှားခဲ့တဲ့ လှုပ်ရှားမှုရဲ့အဆက်လို့ ခံယူတယ်။ အဲဒါကြောင့် ကျနော်တို့ လှုပ်ရှားခဲ့တဲ့ တိုက်ပွဲရဲ့ အမွေကို ယနေ့ လက်ဆင့်ကမ်းချင်တာရယ်။ ကျနော်တို့က ဟိုတုန်းက မျှော်မှန်းခဲ့တာတွေ ယနေ့အထိ မရသေးဘူးဆိုတာကို မီးမောင်းထိုးပြတဲ့ သဘောပါပဲ။” ဦးနေ၀င်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရဟာ ၁၉၇၄ ခုနှစ် မေလမှာ စတင်ဖြစ်ပွားခဲ့တဲ့ အလုပ်သမားသပိတ်ကို ဇွန်လ ၆ ရက်မှာ အင်အားသုံးဖြိုခွင်းခဲ့တာမို့ ဒီနေ့မှာ အခုလို နှစ် ၄၀ ပြည့်အခမ်းအနား ကျင်းပတာဖြစ်ပါတယ်။ အဲ့ဒီလို ဖြိုခွင်းခံခဲ့ရပြီးတဲ့နောက် ၁၉၇၄ နှစ်ကုန်ပိုင်းမှာ ဦးသန့်အရေးအခင်း၊ ၁၉၇၅ မှာ အလုပ်သမားလှုပ်ရှားမှုနဲ့ ၁၉၇၆ မှာဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့်လှုပ်ရှားမှုတို့ကို ရည်ရွယ်ပြီး ဒီနေ့ အခမ်းအနားကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024