
ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ရွာအထက် လိုက်ကာကျေးရွာနဲ့ ဇွပ်ဂျာကျေးရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီ ၂၀ ရက်ကနေ ၂၃ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုင်းခေါင်ရွာခံတစ်ဦးက “အခုဖြစ်နေတာက လိုက်ကာပတ်ဝန်းကျင်မှာပါ၊ တိုက်ပွဲဖြစ်တာက လေးရက်လောက်ရှိလာပြီ၊ နေတိုင်းပဲဖြစ်နေတာ၊ အရင်နေ့တွေက အသံတွေက သိပ်မကြားရဘူး၊ ဒီနေ့တော့ ပြင်းထန်လာတယ်လို့ဆိုရမယ်၊ အသံတွေ တော်တော်ကြားရတယ်”လို့ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီတပ်ဖွဲ့တွေ နောက်ဆုတ်သွားတာမတွေ့ရသေးဘဲ စစ်ကြောင်းတွေရှိနေ သေးတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်မယ့် အလားအလာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လိုက်ကာကျေးရွာနဲ့ ဇွပ်ဂျာကျေးရွာ မှာစိုက်ပျိုး၊မွေးမြူရေးလုပ်ကိုင်နေတဲ့ ပြည်သူတွေလည်း စစ်ကောင်စီ စစ်ကြောင်းထိုးလာတာကြောင့် မိုင်းခေါင်ရွာက စစ်ရှောင်စခန်းတွေကို ပြန်ပြီးနေထိုင်နေကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ရှောင်စခန်းနေ ပြည်သူတစ်ဦးက “လိုက်ကာ၊ ဇွပ်ဂျာ၊ ဂျေဆွန်းကျေးရွာက ပြည်သူတွေကတော့ နေရပ်ပြန်ပြီးနေထိုင်နေတာတော့ မဟုတ်ဘူး၊ သွားလာလို့ရတဲ့ အချိန် ရွာကိုပြန်ပြီးတော့ စိုက်ပျိုးရေးလုပ်တာ၊ မွေးမြူရေးလုပ်တာတွေရှိတယ်၊ စစ်တပ်(စကစ) ကစစ်ကြောင်းထိုးလာတယ်ဆိုတာ ကြားတော့ အဲဘက်ကိုရောက်နေတဲ့ သူတွေက မိုင်းခေါင်ဘက်ကို ပြန်ပြီး ရောက်လာကြပြီး၊ အခုလိုမျိုးတွေ ဖြစ်လာမှာ စိုးတာကြောင့် အားလုံးက အပြီးအပိုင်နေရပ်မပြန်ကြသေးတာ” လို့ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ လိုက်ကာကျေးရွာနဲ့ ဇွပ်ဂျာကျေးရွာကပြည်သူတွေဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်ကျေးရွာနဲ့ သုံးမိုင်အကွာမှာရှိတဲ့ မိုင်းခေါင်ကျေးရွာကို တိမ်းရှောင်နေထိုင်နေကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတက်လာတဲ့အချိန် လမ်းမှာတွေ့တဲ့ ပြည်သူတွေကို ခေါ်ဆောင်သွားခဲ့ပေမဲ့ နောက်ပိုင်းတော့ ပြန်လွှတ်ပေးခဲ့တယ်လို့လဲ ဒေသခံတွေကနေသိရပါတယ်။
လိုက်ကာ၊ ဇွပ်ဂျာဒေသကို စစ်ကြောင်းထိုးတာတဲ့ စစ်ကောင်စီတပ်တွေကတော့ ခ.လ.ရ(၂၂၃) နဲ့ ခ.လ.ရ(၂၃၆) တပ်တွေတွေဖြစ်ပြီး KIA၊PDF ပူးပေါင်းတပ်ဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်ရာကနေ တိုက်ပွဲတွေစဖြစ်တာလို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့နီးစပ်တဲ့ သတင်းဌာနတစ်ခု က သတင်းထုတ်ပါတယ်။