Home
မြန်မာသတင်း
မိုးညှင်းမြို့ နန်းမားနယ်မြေရဲစခန်း၌ ဗုံးပေါက်ကွဲ
DVB
·
February 23, 2023

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ နန်းမားနယ်မြေရဲစခန်းမှာ ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရန်အောင်ရပ်ကွက်မှာရှိတဲ့ နန်းမားနယ်မြေ ရဲစခန်းဝန်းအတွင်း မပေါက်ကွဲသေးတဲ့ဗုံးကို ကလိရာမှ ပေါက်ကွဲခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ငါးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာလို့ ရန်အောင်ရပ်ကွက်အတွင်း နေထိုင်သူတဦးက ပြောပါတယ်။

“ည ၈ နာရီလောက်မှာ ဗုံးပေါက်တာ။ မပေါက်ကွဲဘူးထင်တဲ့ ဗုံးကို ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းပြီး ကလိရင်းနဲ့ ပေါက်ကွဲတာလို့ သိရတယ်။ ငါးဦးလောက် သေတယ်လို့လည်း ကြားရတယ်။”

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရေးကူညီမှု အရေးပေါ်ကားတွေ ရဲစခန်းအတွင်း ဝင်ထွက်သွားလာတာတွေ ပြုလုပ်နေကြောင်းလည်း မျက်မြင်တွေ့ရှိသူတွေထံက သိရပါတယ်။

“ဗုံးပေါက်ကွဲပြီး ည ၁၀ နာရီခွဲလောက် နာရေးကားတွေ ရဲစခန်းဝင်းထဲ ဝင်သွားတယ်။ ဘယ်လောက်သေတယ်၊ ထိခိုက်ဒဏ်ရာ ဘယ်လေက်ရတယ် ဆိုတာတော့ တိတိကျကျ မသိရဘူး။ ရဲစခန်းဝန်းထဲက ထွက်လာတဲ့ သတင်းအရတော့ လက်ပစ်ဗုံးကို ဝိုင်းကလိတဲ့ ရဲငါးဦး သေတယ်လို့ ကြားရတယ်” လို့ ရဲစခန်းဝန်းအနီး နေထိုင်သူတဦးက ပြောပါတယ်။

နန်းမားရဲစခန်းဝန်းအတွင်း ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ထိခိုက်သေဆုံးသူဦးရေ တိတိကျကျသိဖို့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

နန်းမားမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၅ ရက်က မီတာခ အတင်းအကျပ် လိုက်လံကောက်ခံတဲ့ လျှပ်စစ်မီတာရုံးအတွင်းမှာလည်း ဗုံးလေးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024