
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာရှိ နေအိမ်တအိမ်ကို ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် မနက် ၆ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီး နေအိမ်ရှိ ကား၊ မိုဘိုင်းဖုန်း၊ ရွှေနဲ့ ပိုက်ဆံတွေကို ယူဆောင်သွားတယ်လို့ ကာယကံရှင် မိသားစုဝင်တဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အသက် ၅၂ နှစ်ရှိ အိမ်ရှင် ဦးအောင်မိုးကို လာရောက်ရှာဖွေရာ မတွေ့တာကြောင့် အခုလို ပစ္စည်းတွေယူသွားတာလို့ ဦးအောင်မိုးရဲ့ သားဖြစ်သူက ဒီဗွီဘီကို ပြောပါတယ်။
Mazda Bongo အမျိုးအစား ကားတစီး၊ ငွေကျပ် သိန်း ၅၀ ကျော်၊ ဖုန်း ၃ လုံးနဲ့ ရွှေထည်တွေကို ယူဆောင်သွားခဲ့တာဖြစ်ပြီး ဘာလို့ အခုလို ယူဆောင်သွားကြတာလဲ ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
“ရွှေတွေဆိုရင် နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ အမျိုးတွေ လာအပ်ထားတာတွေ များတယ်။ ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး စုထားရတဲ့ဟာတွေ၊ ဘယ်လောက်ပါသွားမှန်းတော့ သေချာမသိရသေးဘူး။ ကျနော်တို့မိသားစုက ဒလန်၊ ပျူစောထီး လုပ်နေတာလည်း မဟုတ်ဘဲနဲ့ အခုလို လာလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူး။ ကျနော်တို့ အမှားလုပ်ထားရင် ခံဖို့အသင့်ပဲ။ အခုက သေချာမစုံစမ်းဘဲနဲ့ လာလုပ်သွားကြတာ။”
ဇလွတ်ရွာခံ လူငယ်တဦးကတော့ ဦးအောင်မိုးကို ပျူစောထီးတွေနဲ့ ပေါင်းတယ်ထင်လို့ အခုလို လုပ်သွားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
“သူတို့အိမ်မှာက လက်ဖက်ရည်ဆိုင်ဖွင့်ထားတော့ ကျောက်နီမော်ရွာက ပျူတွေ ဒီဘက်ရောက်ရင် လက်ဖက်ရည်လာသောက်လေ့ရှိတယ်။ အဲဒါကို ပျူစောထီးတွေနဲ့ ပေါင်းတယ်လို့ထင်ပြီး လာလုပ်တာလားမသိဘူး။ ဆိုင်ဖွင့်ထားတော့ ပျူတွေ လာသောက်လည်း နှင်လွှတ်လို့မှ မရတာ။”
ဇလွတ်ကျေးရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ ကျောက်နီမော်ကျေးရွာဘက်မှာတော့ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေ စခန်းချ နေထိုင်ကြတာပါ။
“လက်ဖက်ရည်ဆိုင်ဖွင့်ထားပြီးတော့မှ ဟိုလူမရောင်းဘူး၊ ဒီလူပဲရောင်းမယ်ဆိုပြီး လုပ်နေလို့ရတာမှ မဟုတ်တာ” လို့လည်း ဦးအောင်မိုးရဲ့ သားဖြစ်သူက ပြောပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ အဲဒီလုပ်ဆောင်ချက်ကို သူတို့တပ်ဖွဲ့ဝင်တွေ လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ ဖြစ်စဥ်ကို သေချာစုံစမ်းနေတယ်လို့ ပြောပါတယ်။
“ကျနော်တို့အဖွဲ့ထဲက တပ်ဖွဲ့ဝင်တချို့ လုပ်တယ်လို့တော့ သိထားရတယ်။ သူတို့မှာ သက်သေတွေရှိလို့ လုပ်တယ်လို့တော့ ပြောတယ်။ အပြစ်မရှိတဲ့သူတွေ မနစ်နာရအောင်တော့ ကျနော်တို့ သေချာပြန်စုံစမ်းနေပါတယ်။”
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အယောက် ၃၀ လောက်ဟာ ဦးအောင်မိုးကို လာရောက်မရှာဖွေခင် ရွာထဲရှိ ဦးဝင်းသိန်းကိုလည်း ပစ်သတ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။