
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၆၀၂ နဲ့ ခလရ ၅၆ တပ်အတွင်း ပတ်ပတ်လည်မှာ ဖေဖော်ဝါရီလအတွင်း ဘက်ဟိုးတွေအသုံးပြုပြီး ကတုတ်ကျင်း အနက်ကြီးတွေ တူးဖော်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေကူမြို့ခံတဦးက “အဲဒါမှန်ပါတယ်၊ ဘက်ဟိုးတွေနဲ့ တော်တော်ကျယ်ပြီး နက်တဲ့ ကတုတ်ကျင်းတွေကို ရွှေမှော်ဘက်က ယာဉ်တချို့နဲ့ တပ်ပတ်ပတ်လည်မှာ တူးဖော်နေတာပါ။ ပြီးတော့ ရွှေကူမြို့လယ်က ရဲစခန်းကိုလည်း ပတ်ပတ်လည် အကာအရံ အစီးအတားတွေနဲ့ ထောင်တခုလို ပြုလုပ်ထားပြီး အပြင်သိပ်မထွက်ကြဘူး” လို့ ပြောပါတယ်။
တပ်နဲ့နီးစပ်သူတဦးကလည်း “အရင်ကဆို တပ်ထဲကနေ သူတို့ ထွက်ချင်သလို ထွက်ကြတယ်။ အခုနောက်ပိုင်းဆို တပ်နားတဝိုက်နဲ့ တပ်တွင်းမှာပဲ အနေများကြပြီး သူတို့ဆွေမျိုးတွေလောက်ပဲ ဝင်ထွက်ခွင့် ရတော့တယ်။ ဒါတောင် အရမ်းတင်းကျပ်ထားတာ။ အပြင်ထွက်ရင်လည်း ရုပ်ဖျက်ပြီးမှ ထွက်ကြတယ်” လို့ ပြောပါတယ်။
ရွှေကူမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်အတွင်း ရွှေကူလေးလမ်းဆုံ စကစဂိတ်နဲ့ ရွှေကူမြို့မရဲစခန်းတွေကို ကချင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ PDF ပူးပေါင်းတပ်တွေက မကြာခဏ လာရောက်တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်းမှာ စစ်တပ်အတွင်းနဲ့ ရဲစခန်းတွေဟာ အကျဉ်းထောင်တွေနဲ့ ပိုတူလာတယ်လို့လည်း သိရပါတယ်။