
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်၊ ဘန်လင်းမြို့နယ် အမှတ် ၇ ဘန်ပလာရပ်ကွက်ထဲက လယ်ယာစိုက်ပျိုးရေးအတွက် ပြုလုပ်ထားတဲ့ တူးမြောင်းတခုထဲမှာ မြန်မာနိုင်ငံသားတယောက် သေဆုံးနေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ထိုင်းအမျိုးသားတဦး အဲဒီတူးမြောင်းထဲမှာ အထုပ်တထုပ်တွေ့လို့ ကြည့်ရာကနေ အခုလို သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး ဘန်လင်းမြို့နယ်က တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
ဘန်လင်းမြို့နယ် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူရဲ့ဘေးမှာ ထိုင်းဘာသာနဲ့ ရေးသားထားတဲ့စက္ကူ တွေ့ရှိခဲ့ပါတယ်။
စာမှာတော့ “ကျနော် မြန်မာပြည်က ရဟန်းတပါးဖြစ်တယ်။ နေစရာနေရာလည်းမရှိ၊ စားစရာလည်းမရှိ အခက်အခဲ ဖြစ်နေပါတယ်။ နေစရာ စားစရာလေး ပေးသနားကြပါ။ ဒီစာကို တွေ့တဲ့သူတွေ ကူညီနိုင်သူ ကူညီပေးကြပါ။ ထိုင်းစကားမတတ်လို့ ကူညီပေးကြပါ။ စာရေးပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ ကူညီသူမရှိခဲ့ရင်တော့ ငြိမ်းချမ်းစွာ အနားယူပါရစေ” လို့ ရေးထားပါတယ်။
ရဲတပ်ဖွဲ့က စစ်ဆေးရာမှာတော့ သေဆုံးသူဟာ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား ကိုသန်းရွှေဖြစ်ပြီး သေဆုံးနေရာအနီးမှာ သေဆုံးသူပိုင်ဆိုင်တဲ့ အိတ်တလုံးနဲ့ အိတ်အတွင်းမှာ ဆေးရွက်ကြီးတွေ တွေ့ရပြီးတော့ အိတ်ထဲမှာပဲ မြန်မာနိုင်ငံသားမှတ်ပုံတင် တွေ့ရှိရလို့ မြန်မာနိုင်ငံသားဟုတ်တယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းကို နခွန်ပထုန်ခရိုင်က ဆရာဝန်တွေနဲ့ ရဲတပ်ဖွဲ့တွေက ရှာဖွေနေပေမဲ့ မသိရှိရသေးတဲ့အတွက် ရင်ခွဲစစ်ဆေးဖို့ နခွန်ပထုန်ဆေးရုံကြီးကို ဒေသတွင်း လူမှုကူညီအသင်းကားနဲ့ ပို့ဆောင်ခဲ့ပါတယ်။
နခွန်ပထုန်ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးကတော့ သေဆုံးသူဘေးမှာ တွေ့ရတဲ့စာအရ မိမိကိုယ်ကိုယ် အဆုံးစီရင်တာ ဖြစ်နိုင်တယ်လို့ ပြောဆိုထားပါတယ်။