DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်တွင် မြန်မာ့ဖရဲသီး စျေးကောင်းပြီး ဝယ်လိုအားများနေ
DVB
·
February 22, 2023
တရုတ်နယ်စပ်တွင် မြန်မာ့ဖရဲသီး စျေးကောင်းပြီး ဝယ်လိုအားများနေ
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးတံခါးပေါက်တခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ဘက်ကနေ တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာ့ဖရဲတွေ တတန်ကို တရုတ်ယွမ် ၄,၅၀၀ အထိ ဈေးတက်လာတယ်လို့ သစ်သီးပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က“အခုပေါက်ဈေးက တတန်ကို တရုတ်ငွေ ၃,၅၀၀ - ၄,၅၀၀ ကြားထဲမှာရှိတယ်။ အရည်အသွေးရှိတဲ့ဟာတွေ။ ကားတစီးကို ၁၆ တန်၊ ၁၆ တန်ခွဲလောက် ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖရဲဈေးကတော့ တရုတ်ဘက်က ကိုဗစ် SOP စနစ်ကို ဖြေလျှော့ပြီးတဲ့နောက်ပိုင်းမှာ အရင်တုန်းကဈေးထက် သိသိသာသာတက်လာပြီး တရုတ်ဘက်ကလည်း ဖရဲသီး စိုက်ပျိုးထားတာ နည်းတော့ လက်ရှိ ထွက်ရှိမှုက မြန်မာပဲရှိကာ လာအိုတို့ ဗီယက်နမ်တို့ဘက်ကလာတဲ့ ဖရဲသီးတွေကလည်း နည်းနေတယ်လို့လည်း ပြောပါတယ်။

“ပြည်တွင်းဘက်ကလည်း နည်းတယ်။ မြန်မာဘက်က ဖရဲသီးပဲ ရှိတယ်။ မြန်မာဘက်က ဖရဲသီး၊ သခွားမွှေးတွေတောင်မှ နည်းနေတာလေ။ တနေ့ကို သူတို့က ဝယ်လိုအား အစီးရေ ၃၀၀၊ ၄၀၀ ရှိပေမဲ့ အခု သူတို့ ဒီ မြန်မာဘက်က ရောင်းလိုအားက (ကားအစီး) ၈၀၊ ၁၀၀ အဲလောက်ပဲရှိတာကိုး အများဆုံး။ အဲဒါကြောင့် ဖရဲဈေးက တက်နေတာပေါ့။”

အရင်တုန်းကလည်း ရံဖန်ရံခါ အဲလိုမျိုး အခြေအနေကောင်းလာတဲ့အချိန်၊ ဝယ်လိုအား မြင့်လာတဲ့အချိန် ရောင်းလိုအားက နိမ့်နေတဲ့အချိန်မှာ အဲလောက်ဈေးရတာဖြစ်ပြီး ဈေးကောင်းရတယ်ဆိုပေမဲ့ စိုက်စရိတ်တွေနဲ့ အခြေအနေ အပြောင်းအလဲတွေကလည်း ခဏခဏဖြစ်နေတော့ စိုက်တဲ့တောင်သူတွေလည်း သိပ်မရှိဘူးလို့ ဆိုပါတယ်။

“အခုက စိုက်ရဲတဲ့တောင်သူ၊ စိုက်နိုင်တဲ့တောင်သူ၊ လူတွေ အဓိက အဲဒါတွေပဲ ဈေးနှုန်းရတာပေါ့လေနော်။ တောင်သူအားလုံးကို လွှမ်းခြုံပြီးတော့ အကျိုးဖြစ်ထွန်းတယ်လို့လည်း ပြောလို့မရတဲ့ အနေအထားပေါ့လေ။ ဈေးကတော့ ဆက်ထိန်းထားမှာပါ။”

နောက်ထပ် နယ်စပ် သစ်သီးလုပ်ငန်းရှင်တဦးကတော့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း အရောင်းကွင်းမှာ ရရှိတဲ့ အသီးပေါက်ဈေးတွေကတော့ ဖရဲ ၈၅၅ တစ်ကီလိုဂရမ်ကို အမြင့်ဆုံးဈေး ၄ ဒသမ ၈ ယွမ်၊ သခွားမွှေး တစ်ကီလိုဂရမ်ကို အမြင့်ဆုံး ၇ ဒသမ ၉ ယွမ်နဲ့ ထျဲန်းဝမ် စီးပြတ် အမြင့်ဆုံးဈေး ယွမ် ၉၀,၀၀၀ နဲ့ ၉၅,၀၀၀ ကြား ရှိတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အရောင်းအဝယ်ဖြစ်တဲ့ အသီးဈေးနှုန်းတွေက ဖရဲ ၈၅ တစ်ကီလိုဂရမ်ကို ၄ ဒသမ ၅ ယွမ်အောက်၊ သခွားမွှေး တစ်ကီလိုဂရမ်ကို အမြင့်ဆုံး ၇ ဒသမ ၅ ယွမ်၊ ထျဲန်းဝမ် စီးပြတ် အမြင့်ဆုံး ယွမ် ၉၀,၀၀၀ နဲ့ ၉၂,၀၀၀ ကြား၊ ကုလားမသီး (ဖရဲ အမည်းသီး) စီးပြတ် ယွမ် ၄၆,၀၀၀ နဲ့ ၄၈,၀၀၀ ကြားရှိပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာတော့ ဖရဲ ၈၅၅ တစ်ကီလိုဂရမ်ကို ၄ ယွမ်အောက်သာ ဈေးရခဲ့ပြီး သခွားမွှေးကတော့ တစ်ကီလိုဂရမ်ကို အမြင့်ဆုံး ၇ ဒသမ ၁ ယွမ်၊ ထျဲန်းဝမ် စီးပြတ် အမြင့်ဆုံး ယွမ် ၈၅,၀၀၀၊ အစေ့မဲ့ စီးပြတ် ယွမ် ၆၀,၀၀၀ စသဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ မူဆယ်နယ်စပ်မှာ တရုတ်ယွမ်နဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းက ၁ ယွမ်ကို ၄၀၀ နဲ့ ၄၂၀ ကျပ်ကြား ရှိပါတယ်။

လတ်တလော အရည်အသွေးကောင်းတဲ့ အသီးတွေ ဈေးပိုရပြီး အရည်အသွေးနိမ့်ကျတဲ့ အသီးတွေ၊ မှည့်ရည်မမီတဲ့ အသီးတွေကျတော့ ပေါက်ဈေးထက် လျှော့ရတဲ့အနေအထားရှိပြီး ဆိုးဆိုးဝါးဝါးတော့ မရှိနိုင်သေးဘဲ လောလောဆယ်ဒီ ၇ ရက်၊ တပတ်အတွင်း ဈေးကတော့ ကောင်းဦးမှာဖြစ်ကြောင်း သစ်သီးပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013