
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဖေဖော်ဝါရီ ၂၁ ရက် မနက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ ကျော် အဘွားအိုတဦး အပါအဝင် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းတော်မြို့နယ်အတွင်းက ကျော်ကျေးရွာနဲ့ မိုးယူကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး နေအိမ်အဆောက်အဦတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“မနက် ၁၁ နာရီလောက်က ရိက္ခာကုန်းဘက်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ကျော်ရွာနဲ့ မိုးယူရွာဘက်ကို ပစ်တာ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲနဲ့ အကြောင်းမဲ့လှမ်းပစ်တာ” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ကျော်ကျေးရွာက အသက် ၇၀ကျော် အဘွားအိုတဦး၊ အသက် ၂၀ ကျော် လူငယ်အမျိုးသားတဦး၊ အသက် ၃၀ ကျော် အမျိုးသားတဦးနဲ့ မိုးယူကျေးရွာက အသက် ၄၀ ကျော် အမျိုးသမီးတဦးတို့ ဦးခေါင်း၊ ကျော၊ ခြေထောက် စတာတွေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
လက်နက်ကြီးကြောင့် ကျော်ကျေးရွာက နေအိမ်သုံးလုံးနဲ့ မိုးယူကျေးရွာက နေအိမ်တလုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်ပတ်ရွာကို ဖေဖော်ဝါရီ ၂၁ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ရေဦး-ခင်ဦးသွားလမ်းနဲ့ ရေဦး-ရွှေဘိုသွားလမ်း အင်ပတ်ကွေ့ လမ်းဆုံကနေ ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ပစ်တာကတော့ အကြောင်းမဲ့ကို ပစ်တာပဲ။ တိုက်ပွဲလည်းမဖြစ်ဘဲနဲ့ကို ပစ်ခတ်တာဗျ။ ညပိုင်းရောက်ရင် စစ်သားတွေက မူးပြီးတော့ ပစ်ကြတာလို့ ထင်တယ်။ အခု သူတို့ပစ်လိုက်လို့ ကျနော်တို့ရွာက အသက် ၃၀ အရွယ်လောက်ရှိတဲ့ လူငယ်တဦးရယ်၊ အသက် ၆၀ လောက်ရှိတဲ့ အဘွားအိုတဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့တယ်ဗျ။ ပေါင်ထိထားတဲ့ ကောင်လေးကတော့ ကျည်အပိုင်းအစကို ထုတ်ပေးထားပြီးပြီဗျ။ အဘွားကတော့ ချိုင်းအောက်ဘက်မှာ ထိမှန်ခဲ့ပြီး ကုသပေးနေဆဲဖြစ်တယ်။”
ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်တာတွေ လုပ်ဆောင်သလို တဖက်မှာလည်း ကန့်ဘလူနယ် မြေမွန်နဲ့ တယော်ကိုင်း ကျေးရွာတို့ကို မီးရှို့ခဲ့တဲ့ စစ်တပ်ဟာ ရွှေဘို-မြစ်ကြီးနားလမ်း (ဗျူဟာလမ်းပိုင်း) အရှေ့ဘက် ခင်ဦးနယ် အရှေ့မြောက်ခြမ်း ယောက်သွားအိုင်ကျေးရွာကို လက်နက်ကြီးငယ်နဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် အလယ်ရှို၊ ယောက်သွားအိုင်၊ ကုလားလူး၊ ရှားလွင် စတဲ့ကျေးရွာတွေက ပြည်သူထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရေှာင်နေကြရပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်မှာလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်အထိ သုံးရက်အတွင်း နေအိမ် ၂၄၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကန့်ဘလူခရိုင်၊ မလည်တိုက်နယ် မြေမွန်ရွာကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၉ က အင်အား ၈၀ လောက်နဲ့ ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၁၈ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကန့်ဘလူခရိုင် တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ကျွန်းလှမြို့ပေါ်က ပျူစောထီးတွေနဲ့ ကန့်ဘလူမြို့နယ် ပေကုန်း(တောင်) ရွာက ပျူစောထီးတွေ အပါအဝင် စစ်ကောင်စီတပ် အင်အား ၁၂၀ လောက်ဟာ ကန့်ဘလူခရိုင်က ပင့်သာတိုက်နယ်၊ ချောင်းကြားရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၈ လုံး ဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ချောင်းကြားကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်း နေအိမ် ၅၉ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီလို့ သိရပါတယ်။