
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ်ကျေးရွာရှိ နွားမွေးမြူရေးခြံနဲ့ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် နေအိမ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ကျပ်ငွေ ၂ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးပြား ၆၅ သိန်းနဲ့ သေနတ်၊ ကျည်ဆန်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆီက သိရပါတယ်။
အဲ့ဒီနေ့ ညနေ ၆ နာရီခွဲလောက်က ပုံတပ်ကျေးရွာမှာ နွားခြံအလုပ်သမား မအားချာနဲ့ မနာထီးတို့ နှစ်ယောက်ကို ၁၂ ဗို့ ပြောင်းချောသေနတ်တလက်၊ မူးယစ်ဆေးပြားအကြေ ၁၀၀ ဂရမ်နဲ့အတူ ဖမ်းမိခဲ့တာပါ။
ည ၇ နာရီမှာ ထုတ်ပြန်ချက်အရ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာနေ နွားခြံပိုင်ရှင်ဖြစ်သူ ဦးအားချာရဲ့ နေအိမ်မှာ မူးယစ်ဆေးပြား ၆၅ သိန်း၊ ပွိုင့် ၂၂ သေနတ် ၄ လက်၊ အမ် ၁၆ သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
မူးယစ်ဆေးပြားနဲ့ လက်နက်တွေ တွေ့ရှိတာကြောင့် နွားခြံအလုပ်သမား မအားချာ၊ မနာထီး အပါအဝင် အိမ်ရှင်ဖြစ်သူတို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းစေတတ်သော ဆေးဝါးများ ဥပဒေပုဒ်မနဲ့ မိုင်းဆတ်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်မှာ ကျပ် ၁၅ ဒသမ ၉၂ ဘီဘီယံတန်ဖိုးရှိ မူးယစ်ဆေးပြား ၂၇ ဒသမ ၄ သန်း၊ အိုက်စ်ဆေးပြား ၅၈၀ ကီလို၊ ကဖင်း ၄ တန်တို့ကို ကား ၄ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။