
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် သားကြင်ရွာ အ.ထ.က ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ကင်းလှည့်ထွက်လာတဲ့အချိန် ရွာလယ်ဘုရားအရောက်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ငါန်းဇွန်ပကဖ က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဘက်က ကြိုတင်သတင်းရရှိသွားတာကြောင့် သူတို့ဘက်က စတင်ပစ်ခတ်တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကာ အထက သားကြင်ထဲရှိ အထိုင်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးတာမို့ တိုက်ပွဲ ပြင်းထန်သွားပြီး မိနစ် ၂၀ ကျော်ထိ ကြာသွားတာလို့ သိရပါတယ်။
“ကျောင်းထဲက အထိုင်တပ်ကူပစ်တဲ့ လက်နက်ကြီးကြောင့် အဲဒီကျေးရွာ အမှတ် ၆ ထဲက အမျိုးသမီးတဦးရဲ့အိမ်ကို လက်နက်ကြီးထိမှန်ပြီး ဒူးနဲ့ တံတောင်တွေ ထိခိုက်ဒဏ်ရာ ရသွားတယ်ဗျ” လို့ ငါန်းဇွန်ပကဖ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲကို ဒေသခံ ကာကွယ်ရေးတပ် ၈ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ဗိုလ်ကြီးနန္ဒာမင်းနဲ့ တပ်ကြပ်ကြီးတဦး အပါအဝင် ၄ ဦး သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရပြီး ၆ ဦးလောက် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကြောင်း၊ MA2 အမျိုးအစား သေနတ်တလက်နဲ့ ဖုန်းတလုံး ရယူသိမ်းဆည်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီ သားကြင်ရွာ အထကမှာ စစ်ကောင်စီတပ်သား ၅၀ လောက် ပုံမှန်တပ်စွဲထားတာဖြစ်ပြီး အနီးနားပတ်ဝန်းကျင်က ကျေးရွာတွေကို ကင်းပတ်တာတွေ၊ ပစ်ခတ်ခြိမ်းခြောက်တာတွေ မကြာခဏ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်မရှိသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။