DVB Logo
Home
မြန်မာသတင်း
အရာတော်၊ မင်းကင်းနှင့် ထီးချိုင့်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ကျောက်မျက်တောင်စခန်းကို PDF သိမ်းပိုက်
DVB
·
February 21, 2023
အရာတော်၊ မင်းကင်းနှင့် ထီးချိုင့်တို့တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၊ ကျောက်မျက်တောင်စခန်းကို PDF သိမ်းပိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နဲ့ မင်းကင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖေဖော်ဝါရီ ၂၁ ရက် ဒီနေ့လယ်ကစပြီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ အရာတော်မြို့နယ်၊ နွားမသင်းအရှေ့ရွာအနီးမှာ ဒီမနက် ၁၁ ခွဲနာရီက စတင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ အရာတော်မြို့ကနေ အင်အား ၈၀ လောက်နဲ့ ဖေဖော်ဝါရီ ၂၀ ရက်က စစ်ကြောင်းစထိုးလာကာ ကျောက်ပြောက်ရွာမှာ တည စခန်းချအိပ်ခဲ့ပြီး ဒီနေ့မှာ တိုက်ပွဲဖြစ်ပွားနေတာလို့လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။

“လတ်တလောကတော့ စခ ၈ ယောက်အထိ သေအောင် ပစ်နိုင်နေတယ်ဗျ။ သူတို့လာတာကို ကျနော်တို့အဖွဲ့တွေက ကျည်ကွယ်၊ မျက်ကွယ်ရှိတဲ့ နေရာကနေ အသင့်စောင့်ပြီး တိုက်ခိုက်တာ။ တိုက်ပွဲကတော့ မပြီးသေးဘူး။ အခြေအနေကတော့ တင်းမာနေဆဲပဲဗျ။ ကိုယ့်ဘက်ကလည်း တဦး လက်နက်ကြီးအပိုင်းအစ ထိထားတယ်”လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေကတော့ အရာတော်မြို့နယ်မြောက်ခြမ်းက ဝက်ပြစ်ကျေးရွာကို စစ်ကြောင်းထိုးပြီး မီးရှို့တာတွေ လုပ်ဆောင်ခဲ့သလို အခုလည်း အရာတော်တောင်ခြမ်းကို စစ်ကြောင်းထိုးလာတာလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခတ်ရွာအဝင်မှာလည်း ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီနဲ့ ပျူ‌စောထီး ပူးပေါင်းတပ်တွေ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်နဲ့ ပျူးစောထီးတွေဟာ တောင်ဖြူရွာနဲ့ ပန်းဆက်ရွာက စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

“ပန်းဆက်ရွာနဲ့ တောင်ဖြူရွာကနေ ၁၈ ရက်နေ့က စစ်ကြောင်းစထိုးပြီး တုံပါရွာမှာ ညစခန်းချနေတာဗျ။ ဒီနေ့ကြတော့ ဖက်ခတ်ရွာဘက် ဝင်လာတယ်။ အဲဒါကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းတလုံးဆွဲ တိုက်ခိုက်ခဲ့တယ်။ ပေါက်ကွဲသံကတော့ အကျယ်ကြီး ကြားလိုက်ရတယ်။ အသေအပျောက်ကတော့ မသိရဘူးဗျ။ သူတို့ နှစ်ဖက်တိုက်ပွဲဖြစ်နေတော့ ကျနော်တို့ရွာသားတွေ အကုန်ထွက်ပြေးနေရတယ်။ စစ်သားတွေကလည်း ကျနော်တို့ စစ်ဘေးရှောင်တဲ့ဘက် လက်နက်ကြီးတွေနဲ့ ထုတာတွေလည်း လုပ်တယ်” လို့ ဖက်ခတ်ရွာခံ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ကတော့ မင်းကင်းမြို့ပေါ်ကနေ အထိုင်ချကာ စစ်ကြောင်းထိုးတာတွေ ပြုလုပ်သလို တောင်ဖြူရွာ၊ ပန်းဆက်ရွာကနေ စခန်းချ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်လေ့ရှိတာကြောင့် ဒေသခံထောင်နဲ့ချီ ကျေးရွာတွေအတွင်း မနေထိုင်ရဲတော့ဘဲ နီးစပ်ရာ တောတောင်တွေထဲ နေထိုင်နေကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာခရိုင် အထက်ဘက်ကနေ ထီးချိုင့်ဘက်ကို ဒဏ်ရာရစစ်သား‌တွေတင်ပြီး စုန်ဆင်းလာတဲ့ မော်တော်ရေယာဉ် ၁ စီးကို ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက ကျောက်မှော်ရွာအောက်ဘက်နား အရောက်မှာ ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Special.9-HPDF အဖွဲ့က ထုတ်ပြန်‌ ပြောဆိုပါတယ်။

“မော်တော် တဖက်ကိုစောင်းပြီး ဦလည်သွားတယ်။ အဲ့ဒီနောက် မော်တော်ကို စက်ရှိန်တင်ပြီး မောင်းပြေးသွားတယ်။ မော်တော်ပေါ်မှာ လိုက်ပါလာတဲ့ စစ်သားတွေ အထိအခိုက် များနိုင်တယ်” လို့ Special.9-HPDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

“စစ်သား‌တွေက ကုန်းကြောင်းမှာ အထိနာပြီး မသွားရဲဘဲ ရေကြောင်းနဲ့ သွားနေကြတယ်။ ရေကြောင်းမှာလည်း အလွတ်မပေးဘဲ တိုက်ခိုက်ခဲ့ကြတယ်။ ရေမကူးတတ်တဲ့ စစ်သား၊ ရဲသားတွေ ရေကူးသင်ထားကြပါလို့ သတိပေးထားပါရစေ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် ည ၉ နာရီလောက်က ထီးချိုင့်မြို့ပြင်မှာ ဆိုင်ကယ် ၂ စီးနဲ့ ကင်းလှည့်နေတဲ့ စစ်သား ၄ ယောက်ကို Special.9-HPDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါသေးတယ်။

ထီးချိုင့်မြို့ပြင် ဂေါက်ကွင်းအနီး ထွန်းတောက်ဘီယာဆိုင်နားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၁ ယောက် အပြင်းအထန် ထိခိုက်မှုရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

နောက်ထပ် အထိအခိုက်ရှိမရှိ စုံစမ်းရာ ၄ ယောက်ထဲက ၃ ယောက်ထိခိုက်ခဲ့ပြီး ၁ ယောက်ကို ၇ မိုင်ဆေးရုံ ပို့လိုက်တယ်လို့ သိရကြောင်း Special.9-HPDF အဖွဲ့က ထုတ်ပြန်ပြောဆိုပါတယ်။

ယင်းမာပင်ခရိုင်မှာလတော့ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ကြားရှိ ကျောက်မျက်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၅ နာရီခွဲလောက်မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကျောက်လုံးကြီးတပ်မဟာ (KLG PDF) က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲကြာချိန် ၁ နာရီခွဲအတွင်းမှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့ပြီး ရန်သူ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များစွာရှိခဲ့ပေမဲ့ တိကျတဲ့ အရေအတွက်ကိုတော့ စိစစ်ဆဲလို့  KLG PDF တာဝန်ရှိသူတဦးကပြောပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ M-14 နင်းမိုင်း အလုံး ၄၀၊ စနက်တံပါ MG-1 ပလတ်စတစ်လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နဲ့ Anti Drone Gun တလက် သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ မဟာမိတ်တပ်ဖွဲ့က ရဲဘော်တဦး သေဆုံးခဲ့ပြီး နောက်ထပ် ရဲဘော်တဦးလည်း အသက်အန္တရာယ် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲမှာ KLG တပ်မဟာနဲ့အတူ နဂါးညီနောင် (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး (Force)၊ ချင်းတွင်းတိုက်ဂါး (LPDF)၊ ထန်းတပင် (LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနဲ့ သူ့ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ်တပ်ခွဲ၊ Yinmarbin PDA၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ မဟာမိတ်တပ်ပေါင်းစုတွေအတူ ပူးတွဲ တိုက်ပွဲဖော်ဆောင်ခဲ့ပါတယ်လို့ KLG PDF က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013