
ကရင်ပြည်နယ်၊ လိပ်သိုမြို့ရှိ လူနေရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်တွေက ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်း အပါအဝင် လူနေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်တပ်ကုန်းကနေ လက်နက်ကြီး ၅ ချက် ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း မြို့ထဲကို ပစ်ခတ်တဲ့အတွက် ဘုရားကျောင်းခေါင်မိုးနဲ့ မျက်နှာကြက်တွေပါ ပျက်စီးသွားပြီး လူနေအိမ် ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ လိပ်သိုမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒါ့အပြင် ကလေးငယ် ၂ ဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားတဦးလည်း လက်နက်ထိမှန်ထားပြီး ဒဏ်ရာပြင်းထန်သလို လက်ရှိမှာတော့ ဆေးရုံကို ပို့ထားလိုက်ရပါတယ်။
စစ်ကောင်စီတပ်တွေက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ လူနေရပ်ကွက်တွေအပြင် ဘာသာရေး ဘုရားရှိခိုးကျောင်းတွေကို ပစ်မှတ်ထား ပစ်ခတ်ခဲ့တာလို့လည်း ဘုရားကျောင်း အနီးနားနေထိုင်သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း အလယ်ချောင်းအထက်ရွာကနေ မိုင်းလွန်ရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံတွေရဲ့ ဥယျာဉ်ခြံထဲက နှစ်ရှည်ပင်တွေနဲ့ ရာသီစာအပင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လိပ်သိုမြို့ဟာ ကရင်ပြည်နယ် သံတောင်မြို့နယ်မှာရှိပြီး ကယားပြည်နယ်ဘက်ကို ဆက်စပ်ထားတဲ့ တောင်ပေါ်မြို့လေးဖြစ်ကာ ရာသီဥတုအေးပြီး ဖာလာစိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးကြသလို အဲဒီမြို့မှာလည်း စစ်ကောင်စီရဲ့ ခမရ ၆၀၃ တပ်က အခြေစိုက်ထားပါတယ်။