
မန္တလေးတိုင်း၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းရွာရှိ မိုဃ်းညှင်းကျောင်းတိုက်က ဟာရီယာအမျိုးအစား ကားတစီးကို ဖေဖော်ဝါရီ ၂၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးက လိမ်လည်ယူဆောင်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကားလိမ်ယူသွားသူ အမျိုးသားက အမရပူရမြို့နယ်၊ စွယ်တော်မြတ်စေတီနားက ထမင်းဆိုင်ကို ချိန်းဆိုခဲ့လို့ မိုဃ်းညှင်းကျောင်းက ဘုန်းကြီး ၂ ပါးပါ ကားလွှတ်လိုက်တယ်လို့ သိရပြီး အဲ့ဒီအမျိုးသားက ဘုန်းကြီးတွေကို ဆွမ်းကပ်ကာ ပန်းလည်းလှူမယ်၊ အဒေါ် ၄ ဦးပါ သွားခေါ်ဦးမယ်လို့ဆိုကာ ကျောင်းကားကို ခိုးယူသွားတာလို့ သိရပါတယ်။
“သူတို့ မင်းနှစ်ပါးနန်းကြီးပေါ် လာကြတယ်။ ပြီးတော့ မိုဃ်းညှင်းကျောင်းကို သွားချင်လို့ လိုက်ပို့ပါဆိုပြီး ပြောတယ်။ ရောက်တော့ ကားတစီးလည်း လှူချင်လို့ပါ၊ နန်းကြီးမှာလည်း ပန်းကပ်ချင်ပါတယ်လို့ ပြောတယ်။ အဲ့အချိန် ကျောင်းထိုင်က မန္တလေးရောက်နေတာ။ ဒါနဲ့ ပြန်သွားရော။ နောက်နေ့ကျတော့ ဖုန်းဆက်ပြီး ထပ်ပြောတယ်။ ဒါနဲ့ ကျောင်းက ဦးပဥ္စင်း ၂ ပါးပါ ကားကို အဲ့လူချိန်းတဲ့နေရာကို လွှတ်လိုက်တာ၊ ဟိုလည်းရောက်ရော ပန်းသည်တွေဆီ ပန်းဝယ်ထားတာ တင်ချင်လို့တဲ့၊ သူ့အဒေါ် ၄ ယောက်ကိုလည်း တပါတည်း ခေါ်ချင်လို့ပါ ဆိုပြီး ကားခဏတောင်းတယ်။ ဦးဇင်း ၂ ပါးကလည်း ကျောင်းထိုင်ကြီးရဲ့ ဒကာထင်လို့ ကားကို ခဏငှားလိုက်တာ။ ပြန်ကိုမလာတော့မှ သိရတာ။ ဦးဇင်းတွေကို စွယ်တော်မြတ်စေတီနားက ထမင်းဆိုင်မှာ ထားခဲ့တာ” လို့ မိုဃ်းညှင်းကျောင်းက ပြောပါတယ်။
လိမ်လည်သွားသူဟာ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၃ နာရီက ကျောင်းကို တကြိမ်ရောက်ခဲ့ပြီး ကျောင်းထိုင်နဲ့မတွေ့လို့ ပြန်သွားရာကနေ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကားကို လိမ်ယူသွားတာလို့ သိရပါတယ်။
ကျောင်းထိုင်ဆရာတော်က “ပန်းကုံးလေးတွေလည်း လှူမယ်၊ ကားက ပရာဒိုကား လှူမယ်ပြောပြီး ယူချသွားတာ။ ကျောင်းက ကား 2D 7681 ဟာရီယာ အမျိုးအစား၊ မန္တလေးလိုင်စင်နဲ့ လူစီးကားပါ။ မနေ့က လာတာ မတွေ့လို့၊ ဒီမနက် ဖုန်းခဏခဏဆက်ပြီး အဲ့ဒကာက ချိန်းတာ၊ ဒီကဦးပဥ္စင်းတွေ ကားနဲ့လွှတ်လိုက်တာ။ ၁၀ နာရီခွဲလောက် ဆွမ်းကပ်တယ်။ ၁၁ နာရီခွဲလောက် မောင်းထွက်သွားတယ်” လို့ မိန့်ပါတယ်။
ကားခိုးယူခံရတဲ့ဖြစ်စဉ်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး မန္တလေးက လူမှုအဖွဲ့အစည်းတွေကို အကူအညီတောင်းထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ -မိုဃ်းညှင်းကျောင်း