Home
မြန်မာသတင်း
ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဝါတာနာဘေးကို စစ်ခေါင်းဆောင်ဆုချီးမြှင့်
DVB
·
February 21, 2023
331956232_1274961373059456_6423296701823195055_n
331568083_931127871589090_6269339850302847553_n

မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်က ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဝါတာနာဘေး ဟိဒဲအိုကို စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ် ပေးအပ်ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် မစ္စတာ ဝါတာနာဘေးကို  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီရိပျံချီ ဘွဲ့တံဆိပ်နဲ့ အဆောင်အယောင်ကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ  ဆုချီးမြှင့်အပ်နှင်းလိုက်တာဖြစ်ပါတယ်။ 

မစ္စတာ ဝါတာနာဘေးဟာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ မိတ်ဆွေကောင်းတစ်ဦးဖြစ်ကြောင်း၊ နှစ်နိုင်ငံနဲ့ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ လာရောက်ဆောင်ရွက်နိုင်ဖို့ အစွမ်းကုန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုများ ခိုင်မာစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ သမိုင်းဆိုတာ ဖျောက်ဖျက်မရဘဲ ကမ္ဘာတည်သရွေ့ ကျန်ရှိနေမှာဖြစ်လို့ ကောင်းမွန်တဲ့သမိုင်းကို အတူတကွရေးထိုးကြရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မစ္စတာ ဝါတာနာဘေးကလည်း အခုလို ဘွဲ့တံဆိပ် ချီးမြှင့်တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်ကြောင်း၊ အနာဂတ်မှာ အခုဘွဲ့တံဆိပ်နဲ့ ကိုက်ညီတဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆိုအတွက်ဂုဏ်ပြုတဲ့ ဘွဲ့တံဆိပ်ကိုပေးအပ်မှုအ တွက်လည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ မစ္စတာ တာရိုအာဆိုကတော့ ကိုယ်တိုင်လက်ခံရ ယူလိုပေမဲ့ လက်ရှိအချိန် ဂျပန်နိုင်ငံမှာ လွှတ်တော်ရွေးကောက်ပွဲရှိလို့ မလာနိုင်ဘူးလို့လည်း ဝါတာနာဘေးက ပြောဆိုပါတယ်။

၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အဖြစ် စစ်ခေါင်းဆောင်ဟာ  ဂျပန်ဝန်ကြီးချုပ်ဟောင်း တာရိုအာဆို သရေစည်သူဘွဲ့ချီးမြှင့်ခဲ့သလို တရုတ်အထူးသံတမန် စွန်းကော်ရှန်းကိုလည်း သီရိပျံချီဘွဲ့ ချီးမြှင့်တာဖြစ်ပါတယ်။

Photo-MOI 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024