DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ မြိတ်ခရီးစဉ် လုံခြုံရေးတင်းကျပ်၊ ထားဝယ်ဒေသ တိုက်ပွဲဆက်
DVB
·
February 21, 2023
စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ်၏ မြိတ်ခရီးစဉ် လုံခြုံရေးတင်းကျပ်၊ ထားဝယ်ဒေသ တိုက်ပွဲဆက်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကို ခရီးစဉ်အတွက် စစ်ကောင်စီက အရင်ကထက် လုံခြုံရေးတွေ အများအပြား အသုံးပြုလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကနေ ဒီနေ့အထိ မြိတ်မြို့ နာရီစင်ရှေ့နဲ့ ကမ်းနားလမ်းတလျှောက်မှာ စစ်သား၊ ရဲသား၊ ယာဉ်ထိန်းရဲနဲ့ ပျူစောထီးတွေ အင်အားအများအပြားချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“စကစခန့်ဝန်ကြီးချုပ်က ဒီနေ့မှာ ကျွန်းစုကို ဆင်းသွားတယ်။ ဘယ်ရက်နေ့က ရောက်လာလဲတော့ မသိဘူး။ ပြီးခဲ့တဲ့နေ့တွေတုန်းက နာရီစင်ရှေ့နားတဝိုက်မှာ စစ်ဆေးတာတွေရှိတယ်။ လုံခြုံရေးမှာ ပျူစောထီးနဲ့ ရဲတွေက ပိုများပါတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

မြို့ခံအမျိုးသမီးတဦးကလည်း “ကျမတို့ ဒီနေ့ ကမ်းနားဘက်ကိုသွားတော့ စစ်ကားတွေ တွေ့တယ်။ ယာဉ်ထိန်းရဲတွေက ဆိုင်ကယ်တွေကို ရပ်ခိုင်းထားတယ်” လို့ ပြောပါတယ်။

မြိတ်မြို့မှာ စစ်ကောင်စီဘက်က ညမထွက်ရအမိန့်မတိုင်ခင် ည ၈ နာရီလောက်ကတည်းက လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ဖုန်းကို စစ်ဆေးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဟာ မြိတ်မြို့နယ်မှာရှိတဲ့ လူဦးရေ မြေပြင်ကွင်းဆင်း စာရင်းကောက်အဖွဲ့တွေ စာရင်းကောက်နေမှုကို လာရောက်ကြည့်ရှု စစ်ဆေးရာမှာ အရင်ကထက် လုံခြုံရေးတွေ ပိုမိုတင်းကျပ်ချထားတဲ့အပေါ် ဒေသခံတွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ် အရှေ့တောဒေသမှာတော့ ထီးခီးကားလမ်းပိုင်းက ကျေးရွာတွေမှာ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၈ ရက်အထိ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ရက်ဆက်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီစစ်ကြောင်း ကျောက်မဲတောင်ရဲစခန်းဘက်က ပြန်ထွက်လာတဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ EDF က စစ်ကောင်စီစစ်ကြောင်းကို မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁ ဦးထက်မနည်း သေဆုံးကြောင်း EDF က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နဲ့ ၁၇ ရက်မှာလည်း ထားဝယ်-ထီးခီးကားလမ်းပိုင်းမှာ ကော်သူးလေအာမီ၊ သံမဏိပြောက်ကျား နဘယံတပ်ဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦးခန့်သေဆုံးကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာပဲ ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာအနီး ဗဲ့မတပ်တောင်ကြောမှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၁ (T1) နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး တပ်ရင်း-၁ တပ်စိတ်မှူး ရဲဘော်ကိုဘို ကျည်ထိမှန်ပြီး ကျဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၈ ရက်တွေမှာတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မီးရှို့မှုကြောင့် သင်္ကန်းတုံးရွာ မူလတန်းကျောင်း အဆောက်အဦနဲ့ နေအိမ်တချို့ မီးလောင်ခဲ့ပါတယ်။

ဒေသခံတဦးက “တိုက်ပွဲဖြစ်ပြီး စစ်ကြောင်းပြန်ထွက်ရင်းနဲ့ မီးရှို့ခဲ့တာပါ။ သင်္ကန်းတုံးမှာ မီးလောင်တာက အရင်တခါ (ဇန်နဝါရီလက) ဝကုန်းမှာ လောင်တာထက်တော့ နည်းတယ်”လို့ ပြောပါတယ်။

လမ်းပိုင်းကျေးရွာတွေက ရွာသားတွေကတော့ စစ်ရေးသတိပေးချက်အတိုင်း စစ်ကြောင်း ဝင်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့တာကြောင့် ဖမ်းဆီး သတ်ဖြတ်ခံရတာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။

ထားဝယ်အရှေ့တောဒေသမှာ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာသလို အရှေ့တောဒေသမှာရှိတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ကေအန်ယူ တပ်မဟာ ၄ နဲ့ ကော်သူးလေအာမီတို့ရဲ့ ဆက်ဆံရေးလည်း တင်းမာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013