
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ မြူနှင်းတွေ ကျဆင်းနေတဲ့အတွက် စစ်တွေ- ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်ကို နောက်ဆုတ် ရွှေ့ဆိုင်းလိုက်ရတယ်လို့ လေဆိပ်တာဝန်ရှိသူတွေနဲ့ ခရီးသည်တွေထံက သိရပါတယ်။
အခုလို လေယာဉ်ခရီးစဥ်တွေရွေ့ဆိုင်းလိုက်ရတာဟာ ခရီးသည်တွေရဲ့ လုံခြုံရေးနဲ့ အန္တရာယ်ကင်းစေဖို့အတွက်ဖြစ်တယ်လို့ စစ်တွေလေဆိပ်က တာဝန်ရှိသူက ပြောပါတယ်။
"ဒီမှာနှင်းတွေဒီလောက်ကျပြီး၊ မြူတွေမတရားဆိုင်းနေတာ လေယာဥ်ပျံသန်းတော့မှ ရာသီဥတုက ပိုဆိုးလာရင် ထိခိုက်မှုတွေရှိနိုင်တယ်၊ လမ်းချော်တာတွေဘာတွေဖြစ်ရင် မဖြစ်သင့်တာတွေ ဖြစ်လာမှာစိုးလို့ပါ။ အဲ့ဒါကြောင့်ပဲ ခရီးစဥ်တွေကိုရွေ့ဆိုင်းရတာပါ။ ရန်ကုန်ကနေတော့ ၁၀ နာရီလောက်စထွက်မယ့် လေယာဉ်က ဒီကိုဆိုက်မှ ဒီကနေ ပြန်ထွက်ရမှာဖြစ်တယ်။”
ဒီမနက်အစောပိုင်း ၅ နာရီမှာ စစ်တွေမြို့ကနေ ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်တွေကို နောက်ထပ် ၅ နာရီထက်မနည်း နောက်ဆုတ်လိုက်ရတယ်လို့ ဆိုပါတယ်။
စစ်တွေကနေ ရန်ကုန်ကို လေယာဥ်နဲ့လိုက်ပါစီးနင်းမယ့် ဒေသခံပြည်သူတဦးက “နှင်းတွေ တအားကျတယ်၊ မြူတွေဆိုင်းသလို၊ မိုးရွာသလိုကိုကျတာ ရာသီဥတုမကောင်းလို့ ရန်ကုန်လေဆိပ်က လာမယ့်ခရီးစဥ်အချိန်တွေကို ရွေ့ပြောင်းလိုက်ရတာ”လို့ ပြောပါတယ်။
အလားတူ ရခိုင်ပြည်နယ်ကမြို့တွေမှာ ဖေဖော်ဝါရီ ၁၈ ရက်ကစပြီး မနက် ၈ နာရီခွဲ ၉ နာရီလောက်အထိ မြူဆိုင်းတာတွေ နှင်းကျတာတွေဖြစ်ပေါ်နေတဲ့အတွက် လေကြောင်းလိုင်းတွေ သာမကပဲ ကားမောင်းသူတွေနဲ့ စက်လှေမောင်းသူတွေပါ သတိထားမောင်းနှင်နေရတယ်လို့လည်း သိရပါတယ်။