
မကွေးတိုင်း သရက်မြို့နယ်၊ ဆင်ကော်နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဗုံးပစ် လောင်ချာနဲ့ တိုက်ခိုက်ခဲ့လို့ စခန်းမှူးအပါဝင် ၃ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း (၄)က ပြောပါတယ်။
ဒါ့အပြင် စစ်ကူလာတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံတိုက်ခိုက်ခဲ့ရာမှာ ၅ ယောက် သေဆုံးကာ အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆင်ကော်နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်ရာမှာ ရဲစခန်းအတွင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သရက်ခရိုင် PDF တပ်ရင်း ၄ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။
တိုက်ခိုက်မှုအတွင်းမှာ စခန်းမှူး ၁ ယောက်၊ ဒုရဲအုပ် ၁ ယောက်နဲ့ ဒုတပ်ကြပ်တို့ သေဆုံးကာ ရဲ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ကပစ (၁၂) ကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၅ ယောက် စီနင်းလာတဲ့ အဖြူရောင် လိုက်ထရက်ကား တစီးကို ပုဏ္ဏားရွာနဲ့ တွင်းလည် ရွာကြားမှာ မိုင်းဆွဲပြီး နှစ်ဖက် ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ကားပက်လက်လန်သွားပြီး စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကိုမြတ်က ပြောပါတယ်။
ဒါအပြင် မင်းတုန်းမြို့မှာလည်း စစ်ကောင်စီရဲ့ ၅ မိုင် စစ်ဆေးရေးဂိတ်ကို ဒီနေ့မနက် ၈ နာရီ လောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၂ လုံးဖြုတ်ချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို Thunder Guerilla Force နဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်း မထုတ်ပြန်ပါဘူး။