
မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ အကွက် ၇၅၀၊ ၃၃ အေ × ၇၀ × ၇၁ လမ်းကြားမှာ ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး သွပ်မိုး ပျဉ်ခင်း လူနေအိမ် ၁ လုံး၊ ၄ ထပ်တိုက်ရဲ့ ၄ လွှာတထပ်လုံးရှိ ဆိုင်သုံးပစ္စည်းတွေနဲ့ ဆိုင်ကယ် ၂ စီး မီးလောင်ကျွမ်းခဲ့ကာ မီးသတ်ဝန်ထမ်း ၂ ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
အဆိုပါ မီးလောင်မှုဟာ လူနေအိပ်ခန်းအတွင်း အိပ်ယာပေါ် ဆေးလိပ်တိုထားခဲ့မိရာက စတင်လောင်ကျွမ်းခဲ့ကာ ည ၉ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်တယ်လို့ သိရပြီး မန္တလေးတိုင်းအတွင်းက မီးသတ်ယာဉ် ၁၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ သန္ဓေအရန် မီးသတ်ဝန်ထမ်း အယောက် ၁၇၀ တို့နဲ့ Level 1 အဆင့် ငြှိမ်းသတ်ခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။
“အဲ့အိမ်က အငှားချထားတာ။ ည ၈ ခွဲလောက်က စလောင်တာ။ အဲ့ကနေ ဘေးက ၄ ထပ်တိုက်ကို မီးက ခုန်ကူးသွားတာ။ ၄ လွှာတထပ်လုံး လောင်တယ်။ ဝိုင်းငြှိမ်းကြတော့ မီးခိုးတွေ အူတက်နေလို့ အောက်စီဂျင်မလောက်လို့ ပြန်ဆင်းရတာတွေ ရှိတယ်။ အပေါ်မှာ စတီးခွက်တို့ ဓာတ်ဘူးတို့ ပန်းကန်လုံးတို့ အိမ်အသုံးအဆောင်ပစ္စည်းတွေ လှောင်ထားတာ။ စက္ကူပုံးတွေနဲ့ဆိုတော့ လှိုက်ပြီး တော်တော်ငြှိမ်းလိုက်ရတယ်။ ၄ လွှာအပြင်တိုက်ရဲ့ အနောက်ခြမ်းတခုလုံး လောင်သွားတယ်။ မီးသတ် ၂ ဦး ခေါင်းပေါက်သွားတယ်” လို့ မန္တလေးလူမှုကူညီရေးအသင်းတခုက ပြောပါတယ်။
မီးစတင်လောင်ကျွမ်းတဲ့အိမ်က အိမ်ငှား ၃ ဦးကို ချမ်းအေးသာစံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပြီး မီးသတ်ဌာနရဲ့ ပြောပြချက်အရ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၅,၆၅၀,၀၀၀ ရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ( ချမ်းစံလူမှုကူညီရေး၊ မန္တလေးတိုင်းမီးသတ်)