
ရန်ကုန်တိုင်း၊ ဒဂုံနဲ့ မရမ်းကုန်းမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက်နဲ့ ညပိုင်းမှာ ကားနှစ်စီး မီးလောင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံမှာ မနေ့ည ၈ နာရီခွဲက ကားတစီးမီးလောင်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်းက ကူညီပြီး မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ ဘုရင့်နောင် ၂ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အပူချိန်တက်ပြီး ဂက်စ်အိုးပေါက်ပြီး မီးလောင်တာလို့ ပြောတယ်။ လမ်းသွားလမ်းလာတွေလည်း ဝင်ပြီး မီးသတ်ပေးကြတယ်။ ယာဥ်မောင်းက ဆင်းပြေးလို့ ဘာမှမဖြစ်ဘူး၊ ကားပဲမီးလောင်တာ။”
အလားတူ ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ယောမင်းကြီးလမ်းမှာလည်း မနေ့မနက် ၉ နာရီလောက်က အငှားယာဥ်တစီး မီးလောင်မှုဖြစ်ခဲ့ပြီး ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက မီးငြှိမ်းသတ်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းကလည်း ဒဂုံမြို့သစ်စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ကားတစီး မီးလောင်ခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကလည်း ကမာရွတ်၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ကားမီးလောင်မှု ဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။