
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာရှိတဲ့ စစ်တပ်ပိုင် မြဝတီဘဏ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ ရက်ညက ဒုတိယအကြိမ် လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
မနေ့ည ၇ နာရီလောက်က ရွှေဘိုမြို့၊ လမ်းမတော်လမ်းမပေါ်မှာရှိတဲ့ မြဝတီဘဏ်ရှေ့ ဘန်ကာအတွင်းမှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက်ကို Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့က K.R.L လက်ပစ်မိုင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Who am i-Army က ထုတ်ပြန်ထားပါတယ်။
အခင်းဖြစ်ပွားတဲ့နေရာအနီး နေထိုင်သူက “အရင်တကြိမ်ကလည်း ဖေဖော်ဝါရီလထဲမှာပဲ ညဘက် လာပစ်သွားတာ။ ခုတကြိမ်က မနေ့ညက ဖြစ်တာပါ။ ဒီမနက်မှာတော့ စစ်ကောင်စီတပ်တွေက တယောက်သေတယ်ကြားတယ်။ ဒီကစ္စဖြစ်ပြီးမှာ မြိုအဝင်အထွက်တွေနဲ့ တောစပ်နေရာတွေကို လိုက်စစ်နေတာမျိုးတွေရှိတယ်။ PDF တွေထဲကတော့ မိသံမကြားဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က သေဆုံးတာနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိတဲ့အတွက် တပ်သားတွေ ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
“စစ်ကောင်စီတပ်တွေဘက်ကနေ ပြန်ပစ်တဲ့အသံတွေတော့ ကြားတယ်။ ရမ်းသန်းပစ်တာ၊ ပေါက်ကွဲသံကြားပြီး သိပ်တော့မကြာဘူး၊ ပစ်ခတ်တဲ့အသံတွေ ကြားရတာပဲ။ ပြီးတော့ လူနာတင်ယာဥ် ရောက်လာတယ်ထင်တယ်။ ကားအချက်ပေးသံကြားတယ်” လို့ ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်ကလည်း အခုတိုက်ခိုက်ခံရတဲ့ မြဝတီဘဏ်ကို တကြိမ်တိုက်ခိုက်ခဲ့သလို ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီခွဲလောက်ကလည်း ရွှေဘိုမြို့မရဲစခန်း မျှော်စင်ပေါ်က ကင်းစောင့်ရဲတွေကို Who am i-Army နဲ့ Ranger Army ပူးပေါင်းတပ်ဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။