Home
မြန်မာသတင်း
ခင်ဦးမြို့နယ်ရှိ ရွာများကို စစ်တပ်ကမီးရှို့သဖြင့် ဒေသခံထောင်ချီထွက်ပြေး၊ ရွှေဘိုမြို့နယ်၌ စစ်ကောင်စီတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
February 20, 2023
Khin Oo people flee

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း  ခင်ဦးမြို့နယ်ထဲက ရွာတွေကို ဖေဖော်ဝါရီ ဒုတိယပတ်ကစပြီး ဒီနေ့အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ မီးရှို့နေတာကြောင့် ရွာသားတွေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်းထိုး မီးရှို့ခံရတဲ့ ကျေးရွာပေါင်း ၆ ရွာရှိနေပြီ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီး နှစ်ပတ်အတွင်း စောကြီး၊ သနပ်စိန်၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လောင်းရှည်နဲ့ လက်ပံလှ စတဲ့ကျေးရွာ ၆ ရွာက နေအိမ် ၆၀၀ ကျော်ကို မီးရှို့ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းမှာတော့ ချမ်းသာကုန်းရွာကို သေနတ်ပစ် ဝင်ရောက်လာတယ်လို့ သိရပါတယ်။

ခင်ဦးမြို့နယ်အနောက်ခြမ်း ချမ်းသာကုန်းရွာကို ဝင်ရောက်လာတာကြောင့် ချမ်းသာကုန်းရွာ အပါအဝင် အနီးနားက အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာ စတဲ့ကျေးရွာတွေက လူ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အင်းပတ်ကျေးရွာသားတဦးက “မနက်အိပ်ယာထကတည်းက ထွက်ပြေးခဲ့ရတယ်” လို့ ပြောပါတယ်။

အလားတူ ဒီနေ့မနက်ပိုင်းမှာပဲ စစ်တပ်က ခင်ဦးမြောက်ခြမ်း ပိတောက်ကုန်းရွာဘက်ကို ပစ်ခတ်ဝင်ရောက်ခဲ့တာကြောင့် ပိတောက်ကုန်းရွာသား ၁,၂၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ပိတောက်ကုန်းရွာနေသူတဦးက ပြောပါတယ်။

ခင်ဦးမြို့နယ်တွင်း စစ်ကောင်စီတပ်စွဲထားတဲ့ရွာ ၄ ရွာရှိပြီး အဲဒီနဲ့နီးတဲ့ ကျေးရွာ ၁၂ ရွာက ဒေသခံ ၄,၀၀၀ ကျော် အမြဲတမ်းအိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။ အခုလို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ရာမှာ သီလရှင်တပါးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း ၃ ရက်ဆက်တိုက် နေအိမ် ၂၆၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို စပါးတိုက်ထဲက စပါးတင်း ၁၀,၀၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၅ ရက်အတွင်း စစ်တပ်က မီးရှို့ခဲ့တဲ့ လောင်းရှည်၊ လက်ပံလှ ကျေးရွာက မီးရှို့ခံရတဲ့ အိမ်ထောင်စု ၄၉၀ ကို စားသုံးဆီ၊ မုံလာထုပ်၊ ပဲ၊ ကြက်သွန်နီ၊ ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ဆား စတဲ့ စားသောက်ကုန်တွေ ခင်ဦးမြို့နယ် ပ.အ.ဖနဲ့ ပ.က.ဖ အဖွဲ့တွေ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၉ ရက်က လှူဒါန်းထောက်ပံ့ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲဒီလိုကူညီရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ MONREC က ရရှိတဲ့ အခွန်ခွဲတမ်းရဲ့ မြို့နယ် ပ.အ.ဖ၊ ပ.က.ဖ စီမံခန့်ခွဲခွင့်ရှိတဲ့ ဘတ်ဂျက်နဲ့ ပြည်သူတွေထံ သွားရောက်တွေ့ဆုံ အားပေးကူညီဆောင်ရွက်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပ.အ.ဖ) အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း အဲ့ဒီနှစ်ရွာကို ဆီ၊ ပဲ၊ ဆား၊ မုံလာထုပ် စတဲ့ စားသောက်ကုန်တွေကို တအိမ်ထောင်စုချင်းစီအတွက် မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူတဦးထံက ရရှိခဲ့တယ်လို့ လက်ပံလှကျေးရွာခံတဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီနေ့အထိ စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် ခင်ဦးမြို့နယ်က ရွာ ၆၈ ရွာက နေအိမ် ၄,၀၉၀ ထိ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ကျေးရွာအားလုံးနီးပါးကို ‌NUG အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေက ထိန်းချုပ်နိုင်ပြီဆိုပေမဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာရင် အခုထိ ကျေးရွာအတွင်းကနေ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ရွှေဘိုခရိုင်အတွင်းမှ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

“ကျမတို့ အမြင်အရဆိုရင် PDF က စိုမိုးတယ်ဆိုတာ မှန်တယ်ရှင့်။ ဒါပေမဲ့ စစ်တပ်လာတယ်ဆိုရင် မစိုးမိုးနိုင်ဘူး။ လက်နက်အင်အားလည်း မမျှဘူး။ ဒေသ ကာကွယ်ရေးတပ်တွေမှာ လက်နက်အစစ်ဆိုတာ မရှိဘူး။ တထောင့်ထိုးနဲ့ တူမီးတွေနဲ့ ယှဉ်ရတာဆိုတော့ စစ်တပ်လာရင် ဒေသခံ PDF လေးတွေ ပြေးရတာပါပဲရှင့်။ PDF လွှမ်းမိုးနယ်မြေမှာ PDF ကို အကြောင်းကြားပြီး သွားလာရတာ အဆင်ပြေပါတယ်ရှင့်။ သူတို့တပ်စွဲထားတဲ့နေရာကို ပြည်သူတွေ မသွားဘူးဆိုရင် ပြည်သူတွေ အန္တရာယ်ကင်းပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မျက်မြင် ကျည်တကမ်းမှာ သွားရင်တော့ သွားရတာ အဆင်မပြေသလို သူတို့ကလည်း မြင်ရင်ပစ်တယ်။ တိရစ္ဆာန်မြင်ရင်လည်း တိရစ္ဆာန်ပစ်တယ်ဆိုတော့ ပြည်သူတွေ မသွားရဲဘူးရှင့်။”

စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို အုပ်ချုပ်လို့မရတာကြောင့် ပြည်သူတွေ သွားရေးလာရေး ဆက်သွယ်သွားလာလို့ မရအောင် ကားလမ်းပိုင်းတိုင်းမှာ ဘန်ကာတွေ ဆောက်လုပ်ပြီး အထိုင်ချ စစ်ဆေးတာတွေ ပြုလုပ်တာကြောင့် သွားလာရ အဆင်မပြေသလို ကျန်းမာရေးအရ သွားလာရတာတောင် စိုးရိမ်ပူပန်မှုတွေနဲ့ သွားလာနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးခေါင်းဆောင် ကိုရဲခေါင်က “ကျနော်တို့ လွှမ်းမိုးနယ်မြေဆိုရင် ၈၀ ရာခိုင်နှုန်းလောက်အထိ လွှမ်းမိုးနိုင်တယ်လို့ ပြောလို့ရပါတယ်။ အဲဒီလိုလွှမ်းမိုးနိုင်လို့လည်း ရွှေဘိုခရိုင် အပါအဝင် စစ်ကိုင်းတိုင်း တတိုင်းလုံးကို စစ်ကောင်စီက ဖိနှိပ်ဖျက်ဆီးနေတာကိုး။ သူတို့ စိုးမိုးလို့ မရတော့ဘူးဆိုတဲ့ နေရာမျိုးတွေကို လှည့်ပတ်ပြီး စစ်ကိုင်းတိုင်း တတိုင်းလုံးကို ပြာကျအောင် လုပ်နေတာ” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီက အနိုင်ကျင့်၊ ရွာတွေကို မီးရှို့နေကြပေမဲ့ ဒေသခံတွေကတော့ တော်လှန်ရေးကို အပြီး ဆုံးခန်းတိုင်ထိသွားမယ်လို့ ဆုံးဖြတ်ထားကြကြောင်း ရွှေဘိုခရိုင်အတွင်းက ပြည်သူလူထုက ဆိုပါတယ်။

စစ်ကောင်စီကတော့ ရွှေဘိုခရိုင်အတွင်း ခင်ဦး၊ ရေဦး၊ တန့်ဆည် စတဲ့ မြို့နယ်သုံးခုကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကာ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိထိရောက်ရောက် ချေမှုန်းမယ်လို့ ပြောဆိုထားပေမဲ့ တကယ်မြေပြင်မှာတော့ စစ်ကောင်စီအခြေစိုက် ပျူစခန်းတွေနဲ့ စစ်ကောင်စီရဲတပ်သားတွေကို မြို့အတွင်းကိုပါ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်တွေပါ သိမ်းဆည်းတာတွေ လုပ်ဆောင်နိုင်ခဲ့ကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေဘိုမြို့နယ် မန်ကြီးသုံးပင်ကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့က  ဖေဖော်ဝါရီ ၁၉ ရက် နေ့ခင်း ၁၂ နာရီက ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေထံက သိရပါတယ်။

အင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“မိုင်းကတော့ မန်ကြီးပင်ရွာရဲ့ အရှေ့ဘက် တောင်လှတောင်ပေါ်အရောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တာဗျ။ သေဆုံးတာကတော့ ၃ ဦးရှိတယ်။ ဒဏ်ရာရသွားတာလည်း ရှိတယ်” လို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024