
မကွေးတိုင်း၊ ပေါက်၊ မြိုင်နဲ့ ပခုက္ကူမြို့နယ်တွေမှာ ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးကာ ကျေးရွာ ၁ ရွာက အိမ်ခြေ ၂၀ လောက်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိုင် ပ.က.ဖ ကနေ သိရပါတယ်။
ပေါက်မြို့ အိမ်တွင်းမှုကျောင်းကနေ ယာကြီးပြင် ပျူစောထီးရွာဘက်ကို စစ်ကူထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၂၅ ယောက်လောက်ကို အုန်းတောရွာ တောင်စုနဲ့ မြောက်စုကြားမှာ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီကနေ ၅ နာရီ ၂၃ မိနစ်အထိ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၇ ယောက် ထိမှန်သွားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
ယာကြီးပြင်ကျေးရွာဘက်ကနေ အုန်းတောရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၅ နာရီလောက်မှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၂ ယောက် ကျည်ဆန်ထိမှန်သွားတယ်လို့ ဆိုပါတယ်။
“သူတို့ဘက်က ဒရုန်း ၂ စင်းနဲ့ ပြန်လည်တိုက်ခိုက်လာသလို နောက်ထပ် ဒရုန်းတစင်းနဲ့ ကင်းထောက်တာတွေ ပြုလုပ်ခဲ့ပြီး အုန်းတောတောင်စုကျေးရွာက အိမ်ခြေ ၂၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်။ မြိုင်မြို့ အရှေ့ဘက်နဲ့ အနောက်ဘက် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွေကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ကနေ ၃ နာရီ ၄၅ မိနစ်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်(...)တွေနေတဲ့ နေရာတွေမှာ ကျရောက်ပေါက်ကွဲကာ ထိခိုက်သေဆုံးသူ ရှိနိုင်တယ်။”
မြိုင်မြို့နယ် ကိုင်းတောမရွာ၊ တွင်းမရွာ၊ သရက်ကန်ရွာနဲ့ ဝက်ပုတ်ကျေးရွာတွေက ပျူစောထီး စခန်းတွေကိုလည်း ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁၂ နာရီကျော်ကနေ ညနေ ၃ နာရီကျော်အထိ လက်နက်ကြီးတွေနဲ့ အချက်ပေါင်း ၁၀၀ ကျော်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး သူတို့ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်လို့ ကန်နက်ရွာက ရေချိုးနေတဲ့ ပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေ Well2 စခန်းနဲ့ ပခုက္ကူမြို့နယ် အနောက်ဘုန်းကန်ရွာက ပျူစောထီးစခန်းတွေကိုလည်း ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ အချက်ရေ ၁၈၀ ကျော်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာမှာတော့ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၆ နာရီကျော်လောက်က စစ်ကောင်စီစစ်ကြောင်းကို ချောင်းမြောင်းရာ သူတို့ဘက်က လက်ဦးသွားလို့ PDF ရဲဘော် ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးသူ များပြားနိုင်တယ်လို့ ပြောပါတယ်။
ပေါက်မြို့နယ် ဇီးပြားရဲစခန်း အနောက်ဘက် သရော်ကိုင်းရွာက ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေဟာ ပြည်သူတွေရဲ့ နွားကို သတ်ဖြတ်စားသောက်ပြီး ပြန်လာတဲ့ အချိန် ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းမှာ ကင်းပုန်းဝပ်ပြီး တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကိုတော့ မြိုင်၊ ပေါက်၊ ပခုက္ကူမြို့နယ်တွေက ပ.က.ဖ အဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။