
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာအုပ်စု၊ ဂျိုးကန်ရွာမှာ ဖေဖော်ဝါရီ ၁၉ ရက်၊ နေ့လယ် ၁ နာရီခွဲလောက်က မီးလောင်မှုတခုဖြစ်ပွားခဲ့လို့ လူနေအဆောက်အဦ ၂၀ ကျော်နဲ့ အိမ်မွေးတိရစ္ဆာန် ၁၈ ကောင်လောက် မီးလောင်သေဆုံးခဲ့ရပြီး လူ ၆၃ ဦး မီးဘေးရှောင်နေရတဲ့အပြင် နေစရာနဲ့ စားစရာ အခက်အခဲရှိနေတယ်လို့ ညောင်ဦးလူငယ်များ ပရဟိတအသင်းဆီက သိရပါတယ်။
အဲ့ဒီနေ့က ဂျိုးကန်ရွာရှိ အိမ်တအိမ်မှာ ထမင်းအိုးတည်တဲ့ မီးပွားကနေ စတင်လောင်ကျွမ်းတာလို့ သိရပြီး ထန်းလက်မိုး၊ ထန်းလက်ကာအိမ်တွေ အများစု ဖြစ်တဲ့အပြင် ရွာမှာ မီးငြှိမ်းသတ်ဖို့ ရေအခက်အခဲရှိတာကြောင့် အခုလို အိမ်ခြေတော်တော်များများ လောင်ကျွမ်းသွားခဲ့တာပါ။
“သတင်းရရချင်း သက်ဆိုင်ရာ မီးသတ်ဌာနတွေနဲ့ သွားခဲ့တာပါ။ လက်ရှိအခြေအနေအရ အိမ်ခြေ ၂၀ ကျော်သွားပါပြီ။ အိမ်မွေးအကောင်လေးတွေ ဝက်တို့ ဆိတ်တို့လည်း သေတယ်။ လူ ၆၃ ယောက် မီးဘေးရှောင်နေရတယ်၊ ဘုန်းကြီးကျောင်းမှာပါ။ ထိခိုက်ဒဏ်ရာရတာကတော့ သံပြားရှတာတွေ၊ မူးလဲတာလောက်လေးတွေပဲ ရှိပါတယ်။ ထင်းမီးနဲ့ ထမင်းအိုးချက်တာကနေ လေကပင့်တိုက်တော့ အကုန်လောင်ကုန်တာလို့ ပြောတယ်။ ရှားပါးနေတဲ့အချိန်လည်းဖြစ်တော့ ဒီမိသားစုဝင်တွေအတွက် ဖိနပ်တရံတောင် မကျန်ခဲ့တဲ့အတွက် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်” လို့ ညောင်ဦးလူငယ်များ ပရဟိတအသင်းက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို ညောင်ဦးမြို့နယ်၊ ခရိုင်မီးသတ်ယာဉ် ၄ စီး၊ ပုဂံမီးသတ်ယာဉ် ၂ စီး၊ စဉ့်ကူမီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၄ စီးနဲ့ အရပ်ဘက်ရေသယ်ယာဉ် ၂ စီးတို့နဲ့ ပါဝင်ငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပြီး မီးဘေးသင့်သူတွေကို ဂျိုးကန်ရွာဘုန်းကြီးကျောင်းမှာ လတ်တလော နေရာချပေးထားတဲ့အပြင် ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။