DVB Logo
Home
မြန်မာသတင်း
ပုလောမြို့နယ် ကဒဲကျေးရွာကို PDF ပြန်ထိန်းချုပ်၊ တနင်္သာရီတွင် စစ်ကောင်စီတပ် အင်အားဖြည့်၊ PDF ရဲဘော် ၂ ဦးကျဆုံး
DVB
·
February 20, 2023
ပုလောမြို့နယ် ကဒဲကျေးရွာကို PDF ပြန်ထိန်းချုပ်၊ တနင်္သာရီတွင် စစ်ကောင်စီတပ် အင်အားဖြည့်၊  PDF ရဲဘော် ၂ ဦးကျဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက “စခတွေက သူတို့တပ်စွဲထားတဲ့ ကဒဲရွာကနေ ပြန်ဆုတ်ချိန်မှာ ကျနော်တို့ဘက်က သင်္ကန်းတောရွာမှာ တိုက်မိုင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က အထိအခိုက် အကျအဆုံးတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က သုံးဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက် အကျအဆုံး မရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေက ကဒဲရွာကို စိုးမိုးခဲ့တဲ့ ၂ ရက်တာအတွင်းမှာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၆၅ လုံး မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေပါ ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ကျနော်တို့က တော်လှန်ရေးပြီးရင် အိမ်ကိုပြန်ပြီး ပျော်ပျော်နေမယ်လို့ တွေးထားတာ။ အခု အိမ်လည်း မီးထဲပါသွားတော့ မျှော်လင့်ချက်မဲ့သလို ဖြစ်သွားတယ်။ မြေကြီးကျန်ရင်တော့ အရင်းပါပဲ။ အသက်တွေ ပေးဆပ်ထားရတာ တန်ဖိုးကြီးတယ်” လို့ ပြောပါတယ်။

ကဒဲရွာကျေးရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်ထိန်းချုပ်နိုင်ပေမဲ့ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကို စိုးရိမ်လို့ ဒေသခံပြည်သူတွေဟာ နီးစပ်ရာကျေးရွာနဲ့ တောတောင်တွေမှာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီဘက်က ဒီရက်ပိုင်းတွေမှာ တပ်ရင်းတချို့ကို လက်နက်ကြီးတွေနဲ့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်လာတယ်လို့ သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ မြို့နယ်ထဲမှာ တနင်္သာရီမြို့နယ် ပါဝင်လာပြီးနောက် စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်တင်းလာတယ်လို့ သိရပြီး မကြာသေးမီရက်ပိုင်းတုန်းက တပ်ရင်းတချို့ကို လက်နက်နဲ့ ရိက္ခာ ပို့ဆောင်ဖို့အတွက် တနင်္သာရီမြို့နယ်မှာ စစ်အင်အား ထပ်ဖြည့်လာတာလို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ၃၀၆ တပ်ရင်းကို ပြီးခဲ့တဲ့လပိုင်းလောက်ကစပြီး တိုက်ပွဲမှာ အသုံးပြုမယ့် လက်နက်ကြီး‌တချို့ တပ်ဆင်ဖြည့်တင်းလာခဲ့ပြီး တိုက်ပွဲမှာ ၁၂၀ မမ လက်နက်ကြီး အမျိုးအစားအထိ အသုံးပြုလာတာတွေ ရှိလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်အုပ်ချုပ်ရေးကြေညာပြီး‌ နောက်ပိုင်းမှာ စကစဘက်က ၅၆၁ တပ်ရင်းတို့ ၃၀၆ တပ်တို့ကို ရိက္ခာပို့ဖို့ အင်အားတွေ ဖြည့်တင်းလာတာ တွေ့ရတယ်။ ပြီးခဲ့တဲ့တိုက်ပွဲတုန်းကလည်း သူတို့ဘက်ကနေ ၁၂၀ မမ လက်နက်ကြီးတွေ သုံးလာတာ တွေ့ရတယ်။”

ဖေဖော်ဝါရီ ၁၇ ရက်ကလည်း စစ်ကောင်စီရဲ့ ကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဗောဒီကမ်းဘက်မှာ စစ်ကောင်စီဘက်က အင်အား ၅၀ ကျော်လောက် ဖြည့်လာတဲ့အပြင် လက်နက်ကြီးတွေလည်း ရမ်းသန်းပစ်ခတ်တာကြောင့် ကျေးရွာသားတချို့ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ် သတိထားနေရပြီး စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း ခုလို စစ်အင်အားဖြည့်တင်းတာတွေ လုပ်လာတဲ့အတွက် စစ်ရေးပိုမိုပြင်းထန်လာနိုင်တဲ့ အ‌ခြေအနေ ရှိနေတယ်လို့လည်း သိရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော် ၂ ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပုလောမြို့နယ် မြိတ်ခရိုင်၊ တပ်ရင်း ၁ က အသက် ၂၂ နှစ်အရွယ် ရဲဘော်သားဖြိုးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က မိုင်းမတော်တဆမှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ရဲဘော်သားဖြိုးဟာ ၅ မိုင်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း မလာခင် မိုင်းဆင်ရာမှာ မတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ မြိတ်ခရိုင် တပ်ရင်း  ၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တနင်္သာရီမြို့နယ်၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က အသက် ၃၃ နှစ်အရွယ် မရင်းကြီး ၂ ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကျဆုံးသွားတယ်လို့ သိရပါတယ်။

ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ဝင်တဦးက “စခတွေက တနင်္သာရီမြို့အနီး ဗောဓိကမ်းကျေးရွာဘက်မှ ဘန်လောကျေးရွာသို့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရဲဘော်ဟာ ကျဆုံးခဲ့ရတယ်” လို့ ပြောပါတယ်။

တနင်္သာရီတိုင်းအတွင်း ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး စစ်ကောင်စီနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲအဖြစ်အများဆုံး မြို့နယ်တွေလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013