DVB Logo
Home
Lead Story
တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးတွင် နေ့စဉ် ကုန်ကားစီးရေ ၃၀၀ ကျော် ပုံမှန် ဝင်ထွက်နေ
DVB
·
February 20, 2023
တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးတွင် နေ့စဉ် ကုန်ကားစီးရေ ၃၀၀ ကျော် ပုံမှန် ဝင်ထွက်နေ
Donate to DVB

တရုတ်-မြန်မာ နယ်စပ် မူဆယ်ကုန်သွယ်ရေးမှာ အခုနှစ် ဖေဖော်ဝါရီလဆန်းမှစပြီး နေ့စဉ် ကုန်ကားစီးရေ ၃၀၀ ကျော် ပုံမှန် ဝင်ထွက်မှု ရှိလာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ နှစ်နဲ့ယှဉ်ရင် များစွာ တိုးတက်မှုရှိလာတယ်လို့ မူဆယ်ကုန်သည်ကြီးများအသင်းက ပြောပါတယ်။

ကိုဗစ်ကြောင့် ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်အစိုးရက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၈ ရက်ကစပြီး တပြိုင်တည်းဖွင့်လှစ်မည့်အကြောင်း မြန်မာဘက်က တာဝန်ရှိသူတွေထံ စာပို့အကြောင်းကြားခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ ရွှေလီမြို့မှာ တကျော့ပြန် ခေါင်းထောင်လာတဲ့ ကိုဗစ်ကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ယာယီပိတ်ထားဖို့ မြို့ခံတွေနဲ့ ကုန်သည်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီ့နောက်မှာတော့ ယာယီပိတ်ထားတဲ့ မူဆယ်နယ်စပ်ဂိတ်ကို ပြန်ဖွင့်ပြီးတဲ့နောက် တရုတ်နိုင်ငံဆီ မြန်မာဘက်က ကုန်ကား စီးရေ နေ့စဉ် ၃၀၀ ကျော် ပုံမှန် ဝင်ထွက်မှု ရှိလာပြီဖြစ်လို့ မနှစ်က အခြေအနေနဲ့ယှဉ်ရင် များစွာတိုးတက်မှု ရှိလာတယ်လို့ မူဆယ်ကုန်သည် ကြီးများအသင်းက ဆိုပါတယ်။

“မူဆယ်နယ်စပ်ကုန်သွယ်ရေးအခြေအနေက ကျနော်တို့ ပြန်ဖွင့်ပြီးတဲ့အချိန် တရုတ်နှစ်သစ်ကူးကာလ ဇန်နဝါရီလမှာတော့ အရောင်းအဝယ်က တော်တော်လေး ပါးခဲ့တာရှိတယ်။ ဒါကလည်း နှစ်သစ်ကူးကာလမှာ သူတို့ လူမျိုးတွေက များသောအားဖြင့် အလုပ် မလုပ်ကြဘူးလေ။ ဒါပေမဲ့ ဖေဖော်ဝါရီလဆန်း ကနေစပြီး ဒီကနေ့ အထိမှာတော့ အရောင်း အဝယ်တွေက တော်တော်လေး များလာတာ တွေ့ရတယ်။ ကျနော်တို့ဆီက ဆန်ကား၊ ဆန်ကွဲကား၊ သီးနှံကား (ဖရဲ၊သခွား၊ကြံ၊နှမ်း၊ ရော်ဘာ)နဲ့ ရေထွက်ကုန်ပစ္စည်းတွေပါတဲ့ ကုန်ကားတွေပေါ့၊ တနေ့ကို အစီးရေ ၃၀၀ ကျော်ပဲနော်။ ဒါက နေ့စဉ် တရုတ် နယ်စပ်ဆီ ဝင်ထွက်မှု ပြန်ရှိလာတာပါ။ အဲ့တော့  ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလ အခြေအနေနဲ့ယှဉ်ရင် အခု အခြေအနေက အများကြီး တိုးတက်မှု ရှိလာတာ တွေ့ရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ လက်ရှိတိုးတက်လာတဲ့ အခြေအနေဟာ ကိုဗစ်မတိုင်မီနဲ့ စစ်အာဏာမသိမ်းမီ ကာလအခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ထက်ဝက်ခန့်ကျဆင်းမှု ရှိနေသေးတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်ကြီးတဦးကလည်း ထောက်ပြပြောပါတယ်။

“မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်မဖြစ်ခင် ကာလတုန်းကဆိုရင် မြန်မာဘက်က တနေ့ကို ကုန်ကား အစီးရေ အနည်းဆုံး ငါးရာနဲ့ ခြောက်ရာ ဝင်ခဲ့တာပါ။ ဒါပေမဲ့ အားလုံး သိတဲ့အတိုင်းပဲ။ မြန်မာပြည်မှာ ကိုဗစ် ဖြစ်တယ်။ ပြီးတော့ စစ်တပ်က အာဏာသိမ်းတာ ကြုံခဲ့ရတယ်။ အဆိုးဆုံးအခြေအနေကတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကိုဗစ် တတိယလှိုင်းဖြစ်တဲ့ ၂၀၂၁ ဇူလှိုင်မှာ လုံးဝ ရပ်တန့်သွားသလောက် ဖြစ်သွားခဲ့ရတယ်။ အဲ့နောက် ၂၀၂၂ မှာလည်း နိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ တရုတ်နိုင်ငံရဲ့ ကိုဗစ် ပေါ်လစီကြောင့်လည်း မူဆယ် နယ်စပ်ကုန်သွယ်ရေးက ထက်ဝက်နီးပါး ကျသွား ခဲ့တာ အားလုံးအသိပဲလေ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကိုဗစ်ရောဂါ မတိုင်မီကာလက အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ မူဆယ်နယ်စပ် ကုန်သွယ်ရေးဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ၇၀ ရာခိုင်နှုန်းကျော် ရှိတာကြောင့် အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တခုဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုဟာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၄၆၈ ဒသမ ၄၁ သန်း ရရှိခဲ့ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၃၁၂၆ ဒသမ ၉၆ သန်းသာ ရှိတဲ့အတွက် ကုန်သွယ်မှုပမာဏက ထက်ဝက်ခန့် လျှော့ကျသွားတာတွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013