DVB Logo
Home
မြန်မာသတင်း
အင်းစိန် ပေါက်တောဝလမ်းဆုံရှိ စစ်တပ်ကင်း ဗုံးခွဲခံရပြီးနောက် လူငယ်အချို့ဖမ်းဆီးခံရ
DVB
·
February 20, 2023
အင်းစိန် ပေါက်တောဝလမ်းဆုံရှိ စစ်တပ်ကင်း ဗုံးခွဲခံရပြီးနောက် လူငယ်အချို့ဖမ်းဆီးခံရ
Donate to DVB

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ပေါက်တောဝလမ်းဆုံ၊ ဘုရင့်နောင်လမ်းနဲ့ လှိုင်မြစ်လမ်းထောင့်က စစ်တပ်ကင်းဘန်ကာကို ဖေဖော်ဝါရီ ၁၈ ရက် မနက် ၄ နာရီခွဲက အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲ ခဲ့တယ်လို့ မြန်မာ့မြေအောက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ Myanmar Underground PDF က သိရပါတယ်။

အဲဒီကင်းဘန်ကာက နှစ်ထပ်အဆောက်အအုံဖြစ်ပြီး သဲအိတ်နှစ်ထပ် ပတ်လည်ကာထားတာ ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်သား ၃ ဦးခန့် နေ့စဉ်စောင့်နေကျ နေရာလို့ သိရပါတယ်။ 

အဲဒီအဝေးထိန်းဗုံးဟာ United Resistance Force - URF အဖွဲ့ရဲ့ နည်းပညာအကူအညီနဲ့ ပြုလုပ်ခဲ့တာလို့သိရပြီး စစ်ကောင်စီဘက်က ထိခိုက်မှု ရှိနိုင်တယ်လို့ MUPDF ဘက်က ပြောပါတယ်။ 

၂၀၂၂ ခုနှစ်မှာ  ရွှေပေါက္ကံမြို့သစ်၊ ဘောလုံးကွင်းနားက စစ်ကောင်စီစခန်းတခုကို RPG နဲ့ ပစ်ခတ်နိုင်ခဲ့မှု အပါအဝင် ဒီတိုက်ခိုက်မှုဟာ ပြည်သူကို တရားဝင်အသိပေးတဲ့ MUPDF ရဲ့ ၅ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

နည်းပညာအကူအညီပေးခဲ့တဲ့ URF အဖွဲ့ ထောက်ပံ့ရေးတာဝန်ခံ ဥက္ကာကက "စနစ်တကျ ဖွဲ့စည်းထားတဲ့ မြေအောက် UG အဖွဲ့ တွေက ခေတ်နဲ့အညီ နည်းပညာများကို အသုံးပြုပြီး ရဲရင့်စွာ တော်လှန်နေတဲ့ တော်လှန်ရေးအုပ်စု‌ တွေက ရဲဘော်များကို လက်ဆင့်ကမ်း မျှဝေပေးသွားမှာပါ။ ဒီလို နည်းပညာထောက်ကူပေးခြင်းနဲ့ မျှဝေသုံးစွဲခြင်းကြောင့် ရန်သူကို မြို့ပြကနေ ပိုပြီးအံတုနိုင်မယ်။ တော်လှန်ရေးအုပ်စုအတွင်း ညီညွတ်ရေးကို ဖြစ်စေပါမယ်။ ကျနော်တို့က အဲဒီပွဲအတွက် နည်းပညာပိုင်း အကူအညီပေးခဲ့တာပါ " လို့ ဆိုပါတယ်။ 

ဘန်ကာဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးမှု ရှိ၊ မရှိကို‌ အတည်ပြုလို့ မရသေးပါဘူး။

အင်းစိန်မြို့ခံ တဦးက "မနက် စောစော ၄ ခွဲလောက် ပေါက်ကွဲသံကြားတာ။ ထောင်ဗူးဝနားက ဘန်ကာလို့ ပြောတယ်။ ဒီမနက် ဈေးဘက်တွေမှာ လိုက်စစ်နေတယ် " လို့ ဆိုပါတယ်။ 

ဗုံးပေါက်ကွဲမှုကြောင့် အဲဒီနေ့ ည ၈ နာရီမှာ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်က လူငယ် ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ် ကွက်ဈေးအနီးက နေအိမ်တစ်လုံးကို လာရောက် ချိတ်ပိတ်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁၉ ရက်မှာ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းမတလျှောက်နဲ့ အင်းစိန်ခုံးတံတားမှာ စစ်တပ်က လုံခြုံရေးတင်းကျပ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

ဓာတ်ပုံ-Hlaing Info

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013