DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကို သတ်ဖြတ်ခဲ့ဟု အေအေပီပီ ထုတ်ပြန်
DVB
·
February 17, 2023
၂ နှစ်ကျော်အတွင်း စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကို သတ်ဖြတ်ခဲ့ဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၃,၀၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၇၃၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၅,၈၈၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၄,၃၉၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၃,၈၃၃ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ လက်ပံလှကျေးရွာကို အင်အား ၁၀၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်စီးနင်းခဲ့ကြပြီး နေအိမ်တွေကို မီးရှို့ခဲ့ရာ သီလရှင်တပါးဖြစ်တဲ့ ဒေါ်ဆိတ်မှာ အသက်ကြီးတာကြောင့် ထွက်မပြေးနိုင်ဘဲ နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ပုသိမ်မြို့ဒေသခံ ကိုစိုးပိုင်ဦးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၀(စ)၊ ၅၂(က) တို့နဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ထောင်ဒဏ် နှစ် ၂၀ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ကိုစိုးပိုင်ဦးဟာ ပုသိမ်မြို့က တော်လှန်ရေး အင်အားစုတွေအတွက် လက်နက်တွေ သယ်ဆောင်ပေးတယ်လို့ စွပ်စွဲခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013