DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၈ မြို့နယ်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံ လစာဝင်ငွေမရှိဘဲ နေထိုင်နေရ
DVB
·
February 17, 2023
ရန်ကုန်တိုင်း ၈  မြို့နယ်တွင်  လူဦးရေ၏ ၄ ပုံ ၁ ပုံ လစာဝင်ငွေမရှိဘဲ နေထိုင်နေရ
Donate to DVB

ရန်ကုန်မြို့က ဆင်းရဲနွမ်းပါးသူ လူဦးရေအများဆုံးနေထိုင်တဲ့ မြို့နယ် ၈ မြို့နယ်ရဲ့ လူဦးရေ လေးပုံတပုံလောက်ဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ဝင်ငွေမရှိဘဲနေရတဲ့ အခြေအနေကို မကြာခဏ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က စစ်တမ်းထုတ်ပြန်ပါတယ်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဒဂုံဆိပ်ကမ်း၊ ဒလမြို့နယ်၊ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ သန်လျင်မြို့နယ်တို့မှာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး ဒီအခြေအနေတွေက အဲဒီမြို့နယ်တွေမှာရှိတဲ့ အိမ်ထောင်စုတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွား အခြေအနေတွေကို ခြိမ်းခြောက်နေတယ်လို့ UNDP က ဆိုပါတယ်။

အိမ်ထောင်စုဝင်တွေဟာ ဝင်ငွေလျော့နည်းလာမှုကို အစာလျှော့စားတာ၊ ပိုင်ဆိုင်တဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို ခွဲခြမ်းရောင်းချတာ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ မခံယူတာ၊ ကလေးသူငယ်တွေကို ပညာသင်ကြားမှုက ရပ်ဆိုင်းပြီး အလုပ်လုပ် ဝင်ငွေရှာစေတာ စတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းနေရတယ်လို့ ဆိုပါတယ်။

UNDP ရဲ့ စစ်တမ်းအရ မြို့နယ် ၈ မြို့နယ်က အိမ်ထောင်စု ၂၇ ဒသမ ၅ ရာခိုင်နှုန်းဟာ ဝင်ငွေကျဆင်းလာမှုကြောင့် လွန်ခဲ့တဲ့ ၁၂ လ အတွင်းမှာ အာဟာရပြည့်ဝလုံလောက်စွာ မစားသုံးနိုင်ခဲ့ဘူးလို့ ဖြေဆိုခဲ့ကြပြီး ၃၅ ဒသမ ၇ ရာခိုင်နှုန်းကျော်ကတော့ ဝင်ငွေမရှိတာကြောင့် အစားလျှော့စားခဲ့ရတယ်လို့ ဖြေဆိုခဲ့ကြောင်း UNDP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျန်းမာရေးပိုင်းမှာလည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဆုတ်ယုတ် အားနည်း လာတာနဲ့အမျှ ပြည်သူတွေဟာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေကိုပဲ အားထားနေရပြီး ဝင်ငွေကျဆင်းလာတာကြောင့် လူအများစုက ‌ကျန်းမာရေးစောင့်ရှောက်မှုတွေကို လက်လှမ်းမီ ရရှိဖို့လည်း အလွန်ခက်ခဲလာကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလေ့လာတွေ့ရှိမှုတွေက လူပေါင်း ၃၀,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူထားချက်ကနေ ကောက်နုတ်ထားတာဖြစ်ပြီး UNDP, UN Women နဲ့ UN-Habitat တို့ပူးပေါင်းပြီး အဲဒီ ၈ မြို့နယ်မှာရှိတဲ့ မြို့ပြပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တည်ဆောက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ UNDP က ဆိုပါတယ်။

UNDP ဌာနေကိုယ်စားလှယ် တီတွန်မီထရာက ရန်ကုန်ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းဟာ သိသိသာသာ မြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်ခြင်းနဲ့ ဝင်ငွေလျော့နည်းခြင်းတွေကလည်း တနေ့တခြား ပိုမိုများပြားလာကြောင်း၊ ဒီအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တည်ငြိမ်တဲ့ အလုပ်အကိုင်နဲ့ လူတွေကို ဝင်ငွေပိုမိုရရှိအောင် ပံ့ပိုးပေးခြင်းနဲ့ လူတွေရဲ့ ကျန်းမာရေးနဲ့ လူမှုစီးပွားဘဝကို တိုးတက်စေတဲ့ ရေရှည်တည်တံ့တဲ့ နည်းလမ်းတခုကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

၂၀၂၁ က စတင်ခဲ့တဲ့ စီးပွားရေးကျဆင်းလာမှုနဲ့ ၂၀၂၂ မှာ သိသိသာသာ မြင့်တက်လာတဲ့ ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ရန်ကုန်မြို့ရဲ့ ဧရိယာတွေမှာ တွေ့ကြုံခံစားနေရတာဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ နိုင်ငံအတွင်းက ထွက်ခွာသွားတဲ့အပြင် ကုန်ထုတ်လုပ်တဲ့စက်ရုံတွေ ပိတ်သိမ်းသွားတာနဲ့အတူ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာခဲ့တာလို့ UNDP က ထောက်ပြထားပါတယ်။

ဒါ့အပြင် လောင်စာဆီဈေးနှုန်းတွေနဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားမှုက အိမ်ထောင်စုတွေရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားစေခဲ့တယ် လို့လည်း UNDP က ထောက်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013