Home
မြန်မာသတင်း
ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့က ပြည်တွင်းရေးဝင်စွက် အနိုင်ကျင့်ဗိုလ်ကျနေ၊ ရုရှားကို ကျေးဇူးတင်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
February 17, 2023
331414020_937451060746564_7642369447653899946_n

ကမ္ဘာ့အင်အားကြီးနိုင်ငံတချို့က  နိုင်ငံငယ်တွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ပြီး အနိုင်ကျင့်ဗိုလ်ကျ ခွဲခြားဆက်ဆံနေချိန် မိတ်ကောင်းဆွေသဟာ ပီသစွာ ပူးပေါင်းဆောင်းရွက် ပေးတဲ့ ရုရှားနိုင်ငံခေါင်းဆောင်နဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်မှာကျင်းပတဲ့  ရုရှား- မြန်မာ ၇၅ နှစ်မြောက် သံတမန် ဆက်သွယ်ရေး ထူထောင်မှုအထိမ်းအမှတ်  နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်မှာ စစ်ခေါင်းဆောင်က ပြောကြားလိုက်တာပါ။

မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေးသမိုင်းကို ပြန်ကြည့်ပါက ခေတ်အဆက်ဆက်ကတည်းက ရင်းနှီးချစ်ခင်မှုဟာ ခိုင်မြဲခဲ့တယ်ဆိုပေမဲ့ လက်ရှိ ကုန်သွယ်မှု၊ သိပ္ပံနဲ့နည်းပညာအပြင် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေသာမက တခြားကဏ္ဍပေါင်းစုံမှာလည်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို မြှင့်တင်နိုင်ခဲ့ပြီလို့လည်း စစ်ခေါင်းဆောင်က ဆိုပါတယ်။

ရုရှားနိုင်ငံနဲ့ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်နိုင်ခဲ့တယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောဆိုထားပေမဲ့ ဘယ်အခြေအနေအထိ တိုးတက်မှု ရှိလာမလဲဆိုတာ စောင့်ကြည့်ရဦးမယ်လို့ သုတေသီတွေက သုံးသပ်ပြောပါတယ်။

ဒါပေမဲ့ ရုရှား-မြန်မာ ဆက်ဆံရေးက အခုမှ ပြန်လည် ချိတ်ဆက်နိုင်တာဖြစ်လို့ တိုးတက်မှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမှာပါလို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးနဲ့မူဝါဒရေးရာ သုတေသီတဦးက “အခုအခြေအနေဟာ ရုရှား နဲ့ မြန်မာက တဦး နဲ့ တဦး လိုအပ်နေတဲ့ အနေအထားမှာရှိနေကြတယ်။ ရုရှားဘက်ကကြည့်ရင် သူ့မှာ မဟာမိတ်က နည်းသွားပြီ။ စီးပွားရေးကလည်း အားလုံးသိတဲ့အတိုင်း ရေနံနဲ့ ဂတ်စ် ရောင်းချပြီး တိုင်းပြည် တည်ဆောက်ထားတာ။ အခုဆိုရင် သူ့ဆီက မဝယ်တော့တဲ့အတွက် ရုရှားက အခက်တွေ့ နေရတယ်။ ဒါပေမဲ့ ရုရှားက ရောင်းတဲ့ ရေနံနဲ့ဂတ်စ်ဟာ ဈေးချိုတဲ့အတွက် တရုတ်နဲ့ အိန္ဒိယက ဝယ်နေတယ်လို့ ကြားတယ်။ တကယ်လို့ သူတို့ကသာ မဝယ်တော့ ဘူးဆိုရင် ရုရှားရဲ့ စီးပွားရေးက ပြိုဆင်းသွားနိုင်တယ်။ တခါ မြန်မာကလည်း ရုရှားနိုင်ငံနဲ့ ဘဝတူဆိုတော့ မဟာမိတ်ဖွဲ့ရတာပေါ့။ ဘာလို့လဲဆို အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ထားတဲ့အပြင် တရုတ်နဲ့ အာဆီယံကလည်း စစ်ကောင်စီကို ခပ်တန်းတန်းလုပ်နေတော့ သူ့အတွက် မဟာမိတ်က ရှားနေတယ်။ ဒါကြောင့် သူတို့က အခုဆိုရင် အရမ်းကို လုံးလာကြတယ်။ ဒါပေမဲ့ အခုအခြေအနေဟာ စလုံးရေ စတဲ့ သဘောသာ ရှိသေးပြီး နှစ်နိုင်ငံ စီးပွားရေးအဖွဲ့တွေ သွားကြလာကြတယ်။ ဆွေးနွေးတယ်ပေါ့ဗျာ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာ အဲဒီ ဆွေးနွေးပွဲတွေက ဘယ်လောက်ထိ တိုးတက်မှု ရှိလာမလဲ။ ဒါကို ကျနော်တို့ ကြည့်ဖို့ လိုတယ်” လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်က ရုရှားလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ထားတာ ရှိပေမဲ့ အကောင်အထည် ပေါ်လာဖို့ မေးခွန်း ထုတ်စရာ ရှိနေတယ်လို့ စီးပွားရေးသုတေသီ တဦးကလည်း မှတ်ချက်ပေးပါတယ်။

“ရုရှားရဲ့ အားသာချက်က သိပ္ပံနဲ့နည်းပညာမှာ အားသာတယ်။ ပြီးတော့ အကြီးစား စက်မှု လုပ်ငန်းတွေမှာ အားသာတယ်။ ဒါကြောင့် သူ့နိုင်ငံမှာ အကြီးစားစက်မှုလုပ်ငန်းတွေက အောင်မြင်တယ်နော်။ ဆိုတော့ စစ်ခေါင်းဆောင်ကလည်း အကြီးစား စက်မှုလုပ်ငန်းတွေ လုပ်ချင် တဲ့ သဘောတော့ရှိတယ်။ ဒါပေမဲ့ ပြဿနာက မြန်မာနိုင်ငံရဲ့ စက်မှုလုပ်ငန်းဆိုတာ SME အဆင့်ပဲရှိတယ်။ ဒီလုပ်ငန်းတွေကလည်း အခုဆိုရင် ယက်ကန် ယက်ကန် ဖြစ်နေတာ။ အဲဒီတော့ ဒီခြေအနေမှာ ဒီလုပ်ငန်းတွေကို အဆင်မြှင့်ဖို့ အရင်းအနှီး၊ လူအင်အားနဲ့ အခြေခံအဆောက်အဦ တွေ ပြည့်စုံပြီလားဆိုတာ မေးခွန်းထုတ်စရာ ရှိတယ်။ အဲဒါတွေ မရှိဘဲနဲ့ ဟိုဟာလုပ်ချင်တယ်၊ ဒီဟာလုပ်ချင်တယ် ဆိုတာကတော့ စိတ်ကူးယဉ် သက်သက် စီမံကိန်းပဲ ဖြစ်လာမယ်။ နောက်တချက်က ရုရှားအတွက် ပြဿနာက မြန်မာနိုင်ငံဈေးကွက်ဟာ သူ့အတွက် သေးသေး လေး။ ဒီတော့ သူ့အတွက် တွက်ခြေကိုက်ပါ့မလား ဆိုတာ စဉ်းစားစရာရှိတယ်။ ဥပမာ တရုတ် ဒါမှမဟုတ် အိန္ဒိယဆိုရင် ဈေးကွက်က ကြီးတယ်လေ။ အဲဒီတော့ မြန်မာနိုင်ငံအတွက် ရုရှားက စွန့်စားပြီး လုပ်ပါ့မလား” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ ရုရှားအကူအညီနဲ့ မြန်မာနိုင်ငံမှာ အသေးစား နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်ဖို့လည်း စီစဉ် နေပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးကလည်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ပညာရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ အားကစား၊ ကျန်းမာရေးကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နေသလို နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဆိုင်ရာမှာလည်း ပူးပေါင်းဆောင်ရွက်ရေး လမ်းစကို အစပျိုးနိုင်ခဲ့ပြီလို့ မနေ့က နေပြည်တော်အခမ်းအနားမှာ ပြောသွားပါတယ်။

Photo-CINCDS 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024