DVB Logo
Home
မြန်မာသတင်း
ရေစကြို၊ မင်းတုန်း၊ သပိတ်ကျင်းနှင့် ရွှေဘိုတို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
February 17, 2023
ရေစကြို၊ မင်းတုန်း၊ သပိတ်ကျင်းနှင့် ရွှေဘိုတို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ ရေစကြိုမြို့နယ် ပ.က.ဖ ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ကံသစ်ရွာတောင်ဘက်မှာ ကင်းပုန်းလာဝပ်တဲ့ ခမရ-၂၅၈ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီလောက်မှာ ရေစကြိုပကဖက ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပ.က.ဖ ခေါင်းဆောင် ရဲဘော်ဝေကြီးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ ဖြုတ်ချလိုက်တဲ့ ဗုံးသီးတွေဟာ ပစ်မှတ်ကို တည့်တည့်ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကြတာ တွေ့ရတယ်။ ကျနော်တို့ ဒရုန်းတပ်ဖွဲ့က ရဲဘော်တွေကတော့ ပြည်သူတွေပို့သပေးတဲ့ မေတ္တာကြောင့် ထိခိုက်မှုမရှိဘဲ အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်တယ်။”

ရေစကြိုမြို့မှာ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းကလည်း စစ်ကောင်စီ အထိုင်စခန်းတခုကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံ-Black.Tiger တပ်ဖွဲ့ကနေ သိရပါတယ်။

အလားတူ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ မီးရှို့ဖျက်ဆီးခံထားရတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို လာပြုပြင်တဲ့ စစ်ကောင်စီတပ်သားတွေ ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ Swallow-PDF (မကွေး) ကနေ သိရပါတယ်။

မင်းတုန်းမြို့နယ်၊ ပြောင်းရွာနဲ့ သီးပင်ကုန်းရွာကြားက မီးရှို့ဖျက်ဆီးခံထားရတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို လာရောက်ပြုပြင်တဲ့ စစ်ကောင်စီတပ်သား ၁၃ ယောက်လောက် လိုက်ပါလာတဲ့ အဝါရောင်ဖောကားတစီးကို မနေ့ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီ ၂၅ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ SPDF ခေါင်းဆောင် ဗိုလ်ပျံလွှားက ဒီဗွီဘီကို ပြောပါတယ်။

“မိုင်း ၆ လုံးခွဲတာ ၆ လုံးစလုံး ပေါက်ကွဲပြီး ကားထိုးရပ်သွားတယ်။ သူတို့ဘက်က တချက်မှ ပြန်မပစ်နိုင်ဘူး။ ခဏအကြာမှာတော့ နာရေးကူညီမှုကားတွေ လာတဲ့အသံ ကြားရတယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးလို့ ဆက်လက်စုံစမ်းနေတယ်။ အဲဒီစစ်သားတွေဟာ ဘုရားနားက ဓမ္မာရုံမှာ ခြံစည်းရိုး ပတ်ကာထားတာဗျ။ သူတို့က ဘာသာရေးအဆောက်အဦတွေနဲ့ စေတီပုထိုးတွေကို ကာဗာယူပြီး ဂိတ်ဖွင့်ထားတော့ ကျနော်တို့မှာ လုပ်ရကိုင်ရတာ ခက်ခဲတယ်ဗျ။”

အဲဒီ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေ၊ ကားသမားတွေကို စစ်ဆေးပြီး မတရားသဖြင့် ငွေညှစ်တာတွေ ပြုလုပ်နေတဲ့အတွက် ဖေဖော်ဝါရီ ၉ ရက်ကလည်း SPDF က ထန်းပင်ကုန်းရွာနားမှာ AK47 တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကွမ်းယာလာဝယ်တဲ့ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ပေါ်တော်မူကျေးရွာအနီးမှာလည်း ဖေဖော်ဝါရီ ၁၇ ရက် မနက် ၅ နာရီ ၂၀ မိနစ်က စစ်ကောင်စီတပ်ကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရ​ပါတယ်။

မြတောင်ဘက်ကနေ ၆ ဘီးကားသုံးစီးနဲ့ ပြန်လာတဲ့ စစ်သား ၁၀၀ ဝန်းကျင်ကို ရှေ့ထွက်မိုင်း ၃ လုံး၊ ပဒေသာမိုင်း ၂ လုံး၊ စုစုပေါင်း ၅ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ တကောင်းပကဖ တာဝန်ရှိသူက ပြောပါတယ်။

“၁၀ ကောင် သေပါတယ်ဗျာ၊ ၆ ကောင် ဒဏ်ရာရပါတယ်။ သူတို့လှုပ်ရှားမှုကို တချိန်လုံး ထောက်လှမ်းစုံစမ်းနေတာမို့ ကြိုတင်မိုင်းထောင်ထားခဲ့တာပါ။”

သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို တကောင်းမြို့ထဲက 4 wheel ကား၊ လူနာတင်ကားတွေနဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ပြောပါတယ်။

စစ်ကား ၃ စီးမှာ ၁ စီး ထိမှန်ပျက်စီးခဲ့ကာ မိုင်းဆွဲခံရပြီး နာရီဝက်ခန့်အကြာမှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်ခဲ့ကြပြီး ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းနေဆဲလို့ ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကားတွေက တပ်မ ၈၈ ကဖြစ်ပြီး ထီးချိုင့်မြို့နယ်နဲ့ ကသာမြို့နယ်က ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတဲ့စစ်ကြောင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က စစ်သား ၁၀ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပြီး ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုတွေကို မြေပြင်မှာ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး မိုင်းအလုံး ၅၀ ဝယ်ယူနိုင်ဖို့အတွက် မြန်မာအစ တကောင်းက မိုင်းအလုံး ၅၀ ဝိုင်းကူကြ ကမ်ပိန်းကို ဖေဖော်ဝါရိီ ၆ ရက်ကစပြီး ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းမှာ လှည့်လည်မီးရှို့‌ လုယက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်း ပလိုင်းရွာမှာ နားနေချိန် PDF ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၅ ရက် ညဦးပိုင်းမှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သား ၄ ယောက် သေဆုံးသွားတယ်လို့ Chindwin Attack Force အဖွဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

“၆၀-မမ အလုံး ၂၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ စကစဘက်ကလည်း လက်နက်ကြီးနဲ့ ၂ ချက် ပြန်ပစ်တယ်။ စက်သေနတ်နဲ့လည်းပစ်တယ်။ နှစ်ဖက် အပြန်အလှန်ပစ်ကြတာ ၁ နာရီခွဲလောက်ကြာတယ်။ စစ်ကောင်စီဘက်က ၄ ယောက် သေတယ်။ ထိုးစစ်တိုက်နေရတာဆိုတော့ လက်နက်ခဲယမ်း အရေးပေါ်လိုတယ်ဗျ” လို့ Chindwin Attack Force တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၃၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ-၃၊ ဂဋ္ဌုန်နက် PDF မြောက်ပျံလွှား LPDF နဂါးနီကျားမင်း LPDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အခုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013